Phillippines

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ အဆိုပြုတင်ပြလာသည့် ဆန်တင်သွင်းမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံရန်ကိစ္စအား ပြည်ထောင်စုအစိုးရအဖွဲ့တွင် အရေးတကြီးဆွေးနွေးလျက်ရှိ

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ အဆိုပြုတင်ပြလာသည့်ဆန်တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံသွားရန်နှင့်ဆန်တင်သွင်းမှုအား ယာယီရပ်ဆိုင်းသွားရန်ကိစ္စတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့တွင်အရေးတကြီးဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄-၈-၂၀၂၅ ရက်နေ့က သမ္မတနန်းတော်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။ ပြည်တွင်းရှိဆန်တောင်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်စေရန်အလို့ငှာ ဆန်တင်သွင်းမှုကို ယာယီရပ်ဆိုင်းသွားရန်နှင့် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့်အခွန်နှုန်းထားအား တိုးမြှင့်သွားရန်ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကြံပြုတင်ပြလာပါကြောင်း ဖော်ပြပါရှိပါသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးတကြီးဆွေးနွေးရမည့် ကိစ္စရပ်သတ်မှတ်ပြီး သမ္မတမားကို့စ်ဂျူနီယာ၏ အိန္ဒိယနိုင်ငံသို့ ၄-၈-၂၀၂၅ မှ ၈-၈-၂၀၂၅ ရက်နေ့ထိ သွားရောက်လျက်ရှိသည့် နိုင်ငံတော်ခရီးစဉ်အတွင်း သီးသန့်အစည်းအဝေးတစ်ခုအနေဖြင့် သမ္မတမားကို့စ်ဂျူနီယာနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အကြား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ခရီးစဉ်အတွင်း သမ္မတမားကို့စ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ အဖွဲ့ဝင်အချို့လည်းလိုက်ပါသွားကြောင်း ဖော်ပြထားပါသည်။

စိုက်ပျိုးရေးဝန်ကြီးမှ အောက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံဆန်တင်သွင်းမှုအပေါ် လက်ရှိကောက်ခံလျက်ရှိသည့်အခွန်နှုန်း ၁၅% မှ ၃၅% သို့ တိုးမြှင့်ကောက်ခံသွားရန် ပြီးခဲ့သည့်ဇွန်လက အကြံပြုတင်ပြခဲ့ပါကြောင်း၊ ထို့ပြင် ပြည်တွင်းရှိဆန်တောင်သူများ ၏အကျိုးစီးပွားနှင့် ပြည်တွင်းဆန်ဈေးကွက်တို့ကို အကာအကွယ်ပေးနိုင်စေရေး စပါးထွက်ရှိမည့်ရာသီများဖြစ်သော စက်တင်ဘာ လနှောင်းပိုင်းတွင် ဗီယက်နမ်မှဆန်တင်သွင်းမှု၊ ဒီဇင်ဘာလတွင် ပါကစ္စတန်မှဆန်တင်သွင်းမှုတို့ကို ယာယီရပ်ဆိုင်းသွားရန်ကိုလည်းတင်ပြခဲ့ပါသည်။ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့်အခွန်နှုန်းထားအား ၁၅% သို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက လျှော့ချပေးခဲ့ခြင်းဖြစ်ပြီး Food Inflation နှုန်းကျဆင်းစေရန်နှင့် ဆန်လက်လီဈေးနှုန်းများလျော့ကျစေရန်အတွက်ဖြစ်ကြောင်း ဖော်ပြပါရှိပါ သည်။

Source: https://pco.gov.ph/news_releases/pbbm-cabinet-to-discuss-proposed-tariff-hike-on-rice-imports/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines