U. A. E

ယူအေအီးနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်အား လက်မှတ်ရေးထိုး

Last Updated:

ယူအေအီးနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည် အဘူဒါဘီမြို့တော်တွင် ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် စီးပွားရေးဆက်ဆံရေးကို နက်ရှိုင်းစေရန် ဆုံးဖြတ်ချက်ချသည့် ခြေလှမ်းတစ်ရပ်အား လှမ်းလိုက်ကြပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါသည်။

ယူအေအီးသမ္မတ Sheikh Mohamed bin Zayed Al Nahyan နှင့် နိုင်ဂျီးရီးယားသမ္မတ Bola Ahmed Tinubu တို့မှ အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ၎င်းသည် တိုးချဲ့ထားသော ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု၏ အဆင့်သစ်တစ်ခုကို ညွှန်ပြလျက်ရှိပါသည်။ အဘူဒါဘီရေရှည်တည်တံ့ခိုင်မြဲရေးရက်သတ္တပတ်ကျင်းပသည့်ကာလအတွင်း အဆိုပါသဘောတူညီချက်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။

Sheikh Mohamed bin Zayed က အဆိုပါ CEPA ကို ယူအေအီး၏ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးမိတ်ဖက်များကို အားကောင်းစေရန်နှင့် မျှဝေထားသော စီးပွားရေးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးမည့် ကတိကဝတ်ကို ထင်ဟပ်စေသည့် အထင်ကရဖွံ့ဖြိုးတိုးတက်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။ သမ္မတ Tinubu က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် လတ်ဆတ်သော လမ်းကြောင်းများကို ဖန်တီးရာတွင် ၎င်းသဘောတူညီချက်၏ အခန်းကဏ္ဍအပေါ် မီးမောင်းထိုးဖော်ပြခဲ့ပြီး အပြန်အလှန်ဖွံ့ဖြိုးတိုးတက်မှု၊ ဦးစားပေးမှုများကိုမြှင့်တင်မည့် နိုင်ဂျီးရီးယားနိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါသည်။

သဘောတူညီချက်အား ယူအေအီးနိုင်ငံမှနိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး Dr Thani bin Ahmed Al Zeyoudi နှင့်နိုင်ဂျီးရီးယားစက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Dr Jumoke Oduwole တို့က လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ ၎င်းကို အခွန်အကောက်များလျှော့ချရန်၊ ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားရန်နှင့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ပုံစံထုတ်ထားပါသည်။

အကျိုးကျေးဇူးရရှိနိုင်မည့် သတ်မှတ်ထားသော အဓိကကဏ္ဍများတွင် နည်းပညာ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် အဖိုးတန်သတ္တုများ စသည်တို့ပါဝင်သည်။ သဘောတူညီချက်သည် ထောက်ပံ့ရေးကွင်းဆက်များကို အားကောင်းစေပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများအားကမ္ဘာ့ဈေးကွက်များဆီသို့ ဝင်ရောက်နိုင်စေရန်လည်း အာရုံစိုက်ထားပါသည်။

၂၀၂၄ ခုနှစ်က ရေနံမဟုတ်သော နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၅၅.၃ % တိုးတက်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ကုန်သွယ်မှုမှာ ဆက်လက်တိုးတက်ခဲ့ပြီး ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံမှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ယူအေအီး-နိုင်ဂျီးရီးယား CEPA သည် ယူအေအီးနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော နိုင်ငံခြားကုန်သွယ်မှုမဟာဗျူဟာကို အားဖြည့်ပေးပြီး ရေနံမဟုတ်သောကုန်သွယ်မှုကို ၂၀၃၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၁ ထရီလီယံအထိမြှင့်တင်နိုင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ မြင့်မားပြီး တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်းများနှင့် မိတ်ဖက်များအား တိုးချဲ့နိုင်ရန် ရည်ရွယ်ထားကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: U. A. E