ကမ္ဘာ့ဘဏ်၏နောက်ဆုံးထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာအစီရင်ခံစာအရ ယူအေအီးနိုင်ငံ၏စီးပွားရေးမှာ အားကောင်းသည့်အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရန်စီစဉ်ထားပြီး ၂၀၂၆ခုနှစ် အတွင်း ၅ % နှင့် ၂၀၂၇ ခုနှစ်တွင် ၅.၁ % အထိမြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။
လက်ရှိကုန်သွယ်ရေး တင်းမာမှုများနှင့် မူဝါဒမသေချာမှုများကြားတွင် ခံနိုင်ရည်ရှိမှုကို ထင်ဟပ်စေသည့် ၎င်းခန့်မှန်းချက်သည် ကမ္ဘာလုံးဆိုင်ရာ အလျင်မြန်ဆုံးကြီးထွားလာသော စီးပွားရေးများထဲတွင် ယူအေအီးနိုင်ငံအား ထည့်သွင်းဖော်ပြထားပါသည်။ ကမ္ဘာ့ဘဏ်က ကမ္ဘာ့စီးပွားရေးအခြေအနေများသည် မျှော်မှန်းထားသည်ထက် ပိုမိုခိုင်မာကြောင်းအား သက်သေပြခဲ့ပြီး ၎င်းတို့၏အလားအလာကို ပြန်လည်ပြင်ဆင်ရန် တွန်းအားပေးခဲ့သည်ကို ထောက်ပြခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုမှာ ၂၀၂၆ ခုနှစ်အတွင်း ၂.၆ % နှင့် ၂၀၂၇ ခုနှစ်တွင် ၂.၇ % ရှိလိမ့်မည်ဟုခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက်များထက် အနည်းငယ်ပိုမိုမြင့်မားလာခဲ့ပါသည်။ ဤတိုးတက်မှုအများစုမှာ အမေရိကန်တွင် မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းသော စွမ်းဆောင်ရည်ကြောင့်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာခန့်မှန်းချက်အဆင့်မြှင့်တင်မှု၏ သုံးပုံနှစ်ပုံနီးပါးရှိပါသည်။
ဤကဲ့သို့ခံနိုင်ရည်ရှိမှုတည်ရှိနေသော်လည်း လက်ရှိဆယ်စုနှစ်သည် ၁၉၆၀ ပြည့်လွန်နှစ်များ၏နောက်ပိုင်း ကမ္ဘာ့တိုးတက်မှုအတွက် အင်အားအနည်းဆုံးသောကာလဖြစ်လိမ့်မည်ဟုကမ္ဘာ့ဘဏ်က သတိပေးခဲ့ပါသည်။ တိုးတက်မှု နှေးကွေးလာခြင်းကြောင့် ဝင်ငွေကွာဟချက်များမှာလည်း ပိုမို၍ကျယ်ပြန့်လာစေခဲ့ပြီး ဖွံ့ဖြိုးဆဲစီးပွားရေးလုပ်ငန်းများစွာတို့သည် ၂၀၁၉ ခုနှစ်မတိုင်မီက တစ်ဦးချင်းဝင်ငွေအဆင့်ထက် နောက်ကျကျန်နေဆဲဖြစ်ပါသည်။
ဒေသတွင်းအဆင့်တွင် ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီနိုင်ငံများတစ်လျှောက် တိုးတက်မှုမှာ ၂၀၂၆ ခုနှစ် အတွင်း ၄.၄ % နှင့် ၂၀၂၇ ခုနှစ်တွင် ၄.၆ % အထိရောက်ရှိရန် မျှော်လင့်ထားပါသည်။ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ဒေသများတွင် ၂၀၂၆ ခုနှစ်တွင် ၃.၆ % တိုးတက်မည်ဟုခန့်မှန်းထားပြီး နောက်နှစ်တွင် ၃.၉ % အထိ အရှိန်မြှင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားပါသည်။
အလုပ်သမားဈေးကွက်ပျော့ပျောင်းလာခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုမှာ ၂၀၂၆ ခုနှစ်အတွင်း ၂.၆ % အထိလျော့ကျသွားမည်ဟု ခန့်မှန်းထားပါသည်။ ကုန်သွယ်မှုစီးဆင်းမှုများတည်ငြိမ်လာပြီး မူဝါဒမရေရာမှုများလျော့နည်းလာသည်နှင့်အမျှ ၂၀၂၇ ခုနှစ်တွင် တိုးတက်မှုအရှိန် ပိုမိုမြင့်တက်လာလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)