Korea

ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီသည် ပြည်ပနိုင်ငံများတွင် ကိုရီးယားလူသုံးကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချနိုင်မည့် မိတ်ဖက်ကိုယ်စားလှယ်များ တိုးမြှင့်သွားမည်ဖြစ်

Last Updated:

တောင်ကိုရီးယားနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများတင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ကုန်စည်ဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်များ(Distribution Channels)အရေအတွက်ကို ၃၃၀ ကျော်အထိ တိုးမြှင့်သွားမည်ဖြစ်သည်ဟု ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ(Korea Trade-Investment Promotion Agency- KOTRA) က ၁၉-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၅ ခုနှစ်အတွင်း KOTRA သည် နိုင်ငံပေါင်း ၅၀ ရှိ ကုန်စည်ဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်စုစုပေါင်း ၂၉၈ ဦးနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံပေါင်း ၆၀ တွင် ကုန်စည်ဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်စုစုပေါင်း ၃၃၆ ဦးနှင့်ပူးပေါင်းကာ အဆိုပါနိုင်ငံများရှိ လက်လီအရောင်းဆိုင်များတွင် ကိုရီးယားကုမ္ပဏီများ၏ ကုန်စည်များရောင်းချခွင့်ရရေးနှင့် အရောင်းမြှင့်တင်နိုင်ရေးကူညီဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း KOTRA အရာထမ်းများက ပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်ရည်မှန်းချက်အတွက် ကနဦးအစီအစဉ်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ လက်လီ/လက္ကားဆိုင်ကြီးဖြစ်သည့် Landers(Costco Wholesale ကဲ့သို့ Members ဝင်ထားသူများအတွက်သာ သီးသန့်ရောင်းချပေးနေသော လက်လီ /လက္ကားအရောင်းဂိုဒေါင်တစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတွင် နာမည်ကြီးသည့် အဓိကလက်လီ/လက္ကားအရောင်းဆိုင်/ဂိုဒေါင်တစ်ခုဖြစ်ပါသည်)တွင် ကိုရီးယားကုမ္ပဏီများ၏ ကုန်စည်များရောင်းချသည့်ဆိုင်များဖွင့်ခွင့်ရရေး ကူညီပေးနိုင်ခဲ့ပါသည်။

လက်တင်အမေရိကရှိ အကြီးဆုံး E-Commerce Platform ဖြစ်သည့် Mercado Libre တွင်လည်း ကိုရီးယားထုတ်ကုန်များအတွက် အထူးကဏ္ဍတစ်ခုထူထောင်ထားပြီးဖြစ်ပါကြောင်း၊ ပြည်ပ၌ ဈေးကွက်မြှင့်တင်ရေးအခမ်း အနားများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လနှင့် စက်တင်ဘာလတို့တွင် အာရပ်စော်ဘွားများပြည်ထောင်စုနှင့်ဗီယက်နမ်နိုင်ငံတို့၌ Korean Wave Expos(ကိုရီးယားလှိုင်းကုန်စည် ပြပွဲ)များကို အသီးသီးကျင်းပသွားရန် လျာထားပါကြောင်း KOTRA က သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါနိုင်ငံများအပြင် တရုတ်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများတွင်လည်း K-Lifestyle Expos များကို ကျင်းပသွားရန် စီစဉ်နေပါကြောင်း၊ နယူးယောက်မြို့၊တိုရွန်တိုမြို့၊ ဟနွိုင်းမြို့၊ စင်ကာပူနှင့်လန်ဒန်မြို့အပါအဝင် ပြည်ပနိုင်ငံများရှိ KOTRA ရုံးခွဲပေါင်း(၂၀)တွင်လည်း “ကိုရီးယားပို့ကုန်လုပ်ငန်းရှင်များက သက်ဆိုင်ရာနိုင်ငံများရှိ ဈေးကွက်အသီးသီးသို့ဝင်ရောက်နိုင်ရေးလိုအပ်သည်များ(ဥပမာ-သက်သေခံအထောက်အထားထုတ်ပေးခြင်းလုပ်ငန်းစဉ်များ အပါအဝင်)လိုအပ်သည်များအကူအညီပေးသည့် ရုံးခန်း(Support Desks)”သစ်များဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း KOTRA က သတင်းထုတ်ပြန်ထားပါသည်။

Source:  The Korea Times

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea