အိန္ဒိယနိုင်ငံ၏ အီသနောရောစပ်ခြင်းအစီအစဉ်တွင် ပြောင်းသီးနှံ၏အခန်းကဏ္ဍသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်(နိုဝင် ဘာလမှ အောက်တိုဘာလအထိ) အီသနောထောက်ပံ့မှုနှစ်(Ethanol Supply Year-ESY)အတွင်း သိသိသာသာအားကောင်းလာခဲ့ပြီး ယင်းသည် ကုန်ကြမ်းအသုံးပြုမှုပြောင်းလဲလာခြင်းကို ရှင်းလင်းစွာထင်ဟပ်စေကြောင်း သိရသည်။
အီသနော၊ ဇီဝစွမ်းအင်နှင့် အရက်ထုတ်လုပ်သူများ၏ ကုန်သွယ်ရေးအဖွဲ့ဖြစ်သော အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အရက်ချက်လုပ်သူများအသင်း(All India Distillers Association-AIDA)မှ မျှဝေထားသော နောက်ဆုံးအချက်အလက်များအရ နိုဝင်ဘာလမှ အောက်တိုဘာလအတွင်း အီသနောစုစုပေါင်းထုတ်လုပ်မှု၏ ထက်ဝက်နီးပါး(ခန့်မှန်းခြေ ၄၈ ရာခိုင်နှုန်း)မှာ ပြောင်းသီးနှံကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်ထောက်ပံ့မှုနှစ်တွင် ၄၂ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ သိသိသာသာတိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ပြောင်းသီးနှံသည် အစဉ်အလာအရ အသုံးပြုခဲ့သည့် ကြံအခြေခံကုန်ကြမ်းများကိုကျော်လွန်၍ နိုင်ငံအတွင်း အီသနောထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် အဓိကကုန်ကြမ်းဖြစ်လာခဲ့ကြောင်း သိရသည်။ “ယခုနှစ် အီသနောခွဲတမ်းစုစုပေါင်းအနက် ပြောင်းအခြေခံထုတ်လုပ်မှုသည် အစိုးရ၏ အားပေးသော မူဝါဒများနှင့် ဝယ်ယူသည့်ဈေးနှုန်းမြင့်တက်လာမှု(ပြောင်းအခြေခံအီသနောတစ်လီတာလျှင် ရူပီး ၇၁ ဒသမ ၈၆)တို့ကြောင့် မကြုံစဖူးတိုးတက်လာခဲ့ပါတယ်” ဟု AIDA က ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။ ပျက်စီးသွားသောအစား အစာကောက်ပဲသီးနှံများနှင့်ပိုလျှံသော ကောက်ပဲသီးနှံများအပါအဝင် အခြားသော အစေ့အဆန်များ၊ ကြံရည်၊ B-heavy တင်လဲရည်နှင့် C-heavy တင်လဲရည်တို့သည်လည်း ကုန်ကြမ်းအဖြစ် မျှတစွာပါဝင်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ အီသနောထောက်ပံ့မှုအစီအစဉ်သည် အားကောင်းသော အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေပြီး စာချုပ်ချုပ်ဆိုထားသည့် ပမာဏလီတာ ၁,၁၆၃ ကုဋေတွင် စုစုပေါင်းထောက်ပံ့မှုမှာ လီတာ ၁,၀၃၉ ကုဋေခန့်အထိရှိခဲ့ရာ ၈၉ ရာခိုင်နှုန်းအထိ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ပြောင်းနှင့် ဆန်တို့အပါအဝင် အစေ့အဆန်အခြေခံကုန်ကြမ်းစုစုပေါင်းမှာ လီတာ ၇၁၈ ကုဋေရှိပြီး ထောက်ပံ့ပေးခဲ့သည့် အီသနောပမာဏ၏ ၆၉ ရာခိုင်နှုန်းနီးပါးအထိပါဝင်ခဲ့ရာ ယင်းသည် ယခင်နှစ်က ၅၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ကြံအခြေခံကုန်ကြမ်းများမှာ လီတာ ၃၂၁ ကုဋေ(သို့မဟုတ် ၃၁ ရာခိုင်နှုန်း)ရှိခဲ့ပြီး ယခင်နှစ်က ၄၁ ရာခိုင်နှုန်းရှိခဲ့ရာမှ လျော့ကျသွားခဲ့ကြောင်း သိရသည်။
Source: The Hindu Businessline, Maize now accounts for close to half of ethanol produced in India, February 19, 2026.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)