အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုက ၅၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မှုမြင့်တက်လာနေချိန်တွင် မည်သည့်ဈေးကွက်တစ်ခုတည်းအပေါ်တွင်မဆို အားကိုးအားထားပြုခြင်းမှ လျှော့ချရန်နှင့် ကုန်သွယ်မှုပြတ်တောက်မှုအန္တရာယ်များကို လျှော့ချရန်အတွက် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများအပါအဝင် နိုင်ငံ ၅၀ သို့ ပို့ကုန်ဈေးကွက်ချဲ့ထွင်လျက်ရှိကြောင်းသိရသည်။ အဆိုပါနိုင်ငံ ၅၀ သည် အိန္ဒိယနိုင်ငံ၏ပို့ကုန်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုကြောင်း Economic Times က ယခုလ ၁၁ ရက်နေ့တွင် ဖော်ပြထားသည်။
အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်အတွက် "ကုန်ပစ္စည်းတစ်ခုချင်းအလိုက်"အခြေခံ("product by product" basis)ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။"ရည်ရွယ်ချက်ကတော့ ထိပ်တန်းနိုင်ငံ ၅၀ ကို ပန်းတိုင်ရည်မှန်းချက်ထားပြီး ကုန်ပစ္စည်းတစ်ခုချင်းစီနဲ့ အိန္ဒိယနိုင်ငံရဲ့ ပြိုင်ဘက်တွေကိုလေ့လာပြီး အန္တရာယ်တွေကို လျှော့ချဖို့နဲ့ ထုတ်လုပ်မှုနဲ့ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့ပါပဲ" ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အခြားဈေးကွက်များကို ရှာဖွေနိုင်ရန် အဆိုပါလုပ်ငန်းစဉ်ကို ပို့ကုန်မြှင့်တင်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံ၏ကုန်စည်ပို့ကုန်သည် ပြီးခဲ့သည့်ဇွန်လတွင် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁၄ ဘီလီယံတွင် တည်ငြိမ်နေခဲ့သောကြောင့် ယင်းအချက်သည် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံမှတင်သွင်းကုန်များအပေါ် အခွန်နှုန်းထားကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ခဲ့ရာ၊ ၎င်းသည် မည်သည့်နိုင်ငံအပေါ်တွင်မဆို ထားရှိသည့်အကောက်ခွန်များထက် အမြင့်ဆုံးအနေအထားဖြစ်ပြီး ဘရာဇီးနိုင်ငံနှင့်တန်းတူဖြစ်ကာ ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်လာမှုကိုပြသသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်းသိရသည်။ ကနဦး ၂၅ ရာခိုင်နှုန်းအခွန်စည်းကြပ်မှုသည် ပြီးခဲ့သည့်သီတင်း ပတ်က စတင်အသက်ဝင်ခဲ့သော်လည်း နောက်ထပ် ၂၅ ရာခိုင်နှုန်းသည် ယခုလ ၂၇ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
ရေထွက်ကုန်များ၊ အထည်အလိပ်များ၊ သားရေများ၊ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများကဲ့သို့သော ကဏ္ဍများသည် အဆိုပါအခွန်များကြောင့် ပြင်းထန်စွာထိခိုက်နိုင်သည်ဟု မျှော်မှန်းရကြောင်း၊ စိုးရိမ်စရာကောင်းသည်မှာ တူရကီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့သောပြိုင်ဘက်နိုင်ငံများသည် ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းနှင့် ၁၉ ရာခိုင်နှုန်း စသည့်သိသိသာသာနိမ့်ကျသော အခွန်နှုန်းထားအသီးသီးနှင့်ရင်ဆိုင်နေရပြီး အိန္ဒိယထုတ်ကုန်များကို အမေရိကန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးစေကြောင်း တွေ့ရှိရသည်။
ဗဟိုအစိုးရအနေဖြင့် ပို့ကုန်များကို အမေရိကန်ပြည်ထောင်စု၏ အခွန်အကောက်အသစ်များ၏ ထိခိုက်မှုမှကာကွယ်ရန် မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ၎င်းတွင် ထိခိုက်ခံရသောကဏ္ဍများအတွက် အဆိုပြုထားသောပို့ကုန်မြှင့်တင်ရေးစီမံချက်အောက်တွင် လိုအပ်သလိုပြုပြင်ပြောင်းလဲထားသော အစီအစဉ်များပေးအပ်ခြင်း၊ ကုန်စည်များကို အခြားဒေသများသို့ လမ်းကြောင်းပြောင်းခြင်းနှင့် ပို့ကုန်အမှာစာနည်းပါးသော ကုန်ပစ္စည်းများကို ပြည်တွင်းလိုအပ်ချက်ဖြည့်ဆည်းရန် လမ်းကြောင်းပြောင်းနိုင်မည့် ကုန်ပစ္စည်းများကို ဖော်ထုတ်ခြင်းတို့ပါဝင်ကြောင်း တွေ့ရှိရသည်။ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ပို့ကုန်တိုးမြှင့်ရန် နိုင်ငံ ၂၀ ကို ရည်မှန်းချက်ထားပြီးသားဖြစ်ရာ ယခုအခါမဟာဗျူဟာအသစ်တွင် နောက်ထပ်နိုင်ငံ ၃၀ ကို ထပ်မံထည့်သွင်းခဲ့ပြီး စုစုပေါင်း ၅၀ အထိဖြစ်လာခဲ့ကြောင်း သိရသည်။
Source: Economic Times, Export Outreach Widened to 50 Countries to Negate US Tariff Hit, Aug 11, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)