India (Delhi)

အိန္ဒိယသည် အမေရိကန်၏ မြင့်မားသောအခွန်စည်းကြပ်မှုများကို တုံ့ပြန်ရာတွင် ခက်ခဲသောရွေးချယ်မှုများနှင့် ရင်ဆိုင်နေရ

Last Updated:

အိန္ဒိယသည် အမေရိကန်၏ မြင့်မားသောသွင်းကုန်အခွန်နှုန်းများကို ညှိနှိုင်းခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်း သို့မဟုတ် တင်ပို့ရောင်းချမှုဈေးကွက်များကွဲပြားစေခြင်း သို့မဟုတ် ရုရှားရေနံတင်သွင်းမှုအဆုံးသတ်ခြင်းကဲ့သို့သော ကုန်သွယ်မှုဆိုင်ရာ လိုက်လျောမှုများပေးဆောင်ခြင်း စသည့်ခက်ခဲသောရွေးချယ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ရွေးချယ်မှုတစ်ခုစီသည် ၎င်း၏ကိုယ်ပိုင်အကျိုး အမြတ်များနှင့် ဘေးအန္တရာယ်များကိုရောနှောနေသည်ဟု Think Tank အဖွဲ့အစည်းတစ်ခုဖြစ်သည့် GTRI က သောကြာနေ့တွင် ပြောကြားခဲ့သည်။

Trump အစိုးရမှ အိန္ဒိယနိုင်ငံ၏ကုန်ပစ္စည်းအများစုအပေါ် လက်ရှိ MFN အကောက်ခွန်နှုန်းထားများထက် ကျော်လွန်ပြီး အကောက် ခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်လိုက်ခြင်းသည် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် သံတမန်ရေးရာအနေ အထားတို့ကို ပြန်လည်ပုံဖော်နိုင်သည့် မဟာဗျူဟာမြောက်အကျပ်အတည်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အကောက်ခွန်နှုန်းမြင့်မားမှုများကို ခံနိုင်ရည်ရှိစေရန်နှင့် နိုင်ငံ၏ပို့ကုန်များကို ဥရောပ၊ အာဆီယံ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကသို့ ဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် အိန္ဒိယသည် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် တက်ကြွသောကုန်သွယ်ရေးသံတမန်နည်းလမ်းများ လိုအပ်မည်ဖြစ်ကြောင်း၊  ပထမနှစ်နှစ်အတွင်း ဈေးကွက်၌ ဆုံးရှုံးသွားမည့် ဒေါ်လာဘီလီယံ ၅၀ မှ ၁၀ သို့မဟုတ် ၁၅ ဘီလီယံသာပြန်ရနိုင်သည် GTRI ၏ဥက္ကဋ္ဌဖြစ်သူ Ajay Srivastava က ပြောကြားခဲ့သည်။

အကယ်၍ အမေရိကန်၏ အခွန်စည်းကြပ်မှုများကြောင့် အမေရိကတွင် စားသုံးသူစျေးနှုန်းများ နှင့် အလုပ်လက်မဲ့ပြဿနာများမြင့်တက်လာမည်ဆိုပါက၊ ထရမ့်အစိုးရအပေါ် ပြည်တွင်းနိုင်ငံရေးအရ ဖိအားများဖြစ်လာနိုင်ပြီး နိုင်ငံအားလုံးအတွက် အခွန် ၁၅ ရာခိုင် နှုန်းအထိ ဖြတ်တောက်ပေးရန် တွန်းအားပေးလာနိုင်ကြောင်း၊ ယခုအချိန်တွင် အိန္ဒိယ၏ အကောင်းဆုံးအခန်းကဏ္ဍမှာ အမေရိကန် မဲဆန္ဒရှင်များအား အခွန်ကောက်ခံမှု၏ အကျိုးသက်ရောက်မှုဆိုးကျိုးများကို တိတ်တဆိတ်မီးမောင်းထိုးပြရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီးပွားရေးအား လက်နက်အဖြစ်အသုံးပြုသည့်ခေတ်တွင် ရှင်သန်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားခြင်းမဟုတ်ကြောင်း၊ မှန်ကန်သည့်တိုက်ပွဲများအား ရွေးချယ်ရန်နှင့် နောင်လာမည့်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းပြီး ရေရှည်တွင်အနိုင်ရရှိရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ 

Source: India facing tough choices in responding to steep US tariffs, GTRI, The Economic Times, August 15, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)