ကုန်သွယ်ရေးတင်းမာမှုများရှိနေသော်လည်း ထိုင်းနှင့် အမေရိကန်တို့အကြား နှစ်နိုင်ငံ အကျိုးကျေးဇူးများကိုမြှင့်တင်ရန် ဆွေးနွေးမှုများဆောင်ရွက်သွားရန် ထိုင်းနိုင်ငံအနေဖြင့် စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုင်းထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်လိုက်ပါက ဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၇ သန်းမှ ၈ သန်းကြားရှိနိုင်ကြောင်း၊ ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်၏ အပြန်အလှန်အခွန် အပါအဝင် မည်သည့်ကုန်သွယ်ရေးမူဝါဒများအတွက်မဆို ပြင်ဆင်ထားပါကြောင်း၊ အမေရိကန်က နိုင်ငံသတ်သတ်မှတ်မှတ်အခွန်များ၊ ကုန်စည်သတ်သတ်မှတ်မှတ်အခွန်များ၊ ဆေးဝါးမှောင်ခိုသွင်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးကဲ့သို့သော ပြဿနာများနှင့်သက်ဆိုင်သည့် ကုန်စည်များအပေါ် အခွန်များနှင့် အပြန်အလှန်အခွန်များစသည်ဖြင့် အမျိုးအစား(၄)ခုကို အဆိုပြုခဲ့ပါကြောင်း၊ ယင်းအခွန်များကို ကောက်ခံပါက အမေရိကန်ဈေးကွက်သည် ကမ္ဘာ့ကုန်သွယ်ရေး၏ ၄၀ ရာခိုင်နှုန်းဖွဲ့စည်းထားပြီး ထိုင်းပို့ကုန်များအတွက် အဓိကမိတ်ဖက်ဖြစ်ပါကြောင်း၊ အမေရိကန်၏ ကနဦးအခွန်ကောက်ခံမှုမှာပင် ထိုင်းပို့ကုန်များအပေါ် သက်ရောက်ပြီးဖြစ်ကြောင်း၊ အထူးသဖြင့် သံမဏိနှင့် အလူမီနီယံတို့ဖြစ်ပြီး သံမဏိအတွက် အခွန်နှုန်းထားမှာ ယခင်သုညရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအကြားမှ ၂၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ အလူမီနီယံအတွက် သုညရာခိုင်နှုန်းမှ ၆.၂၅ ရာခိုင်နှုန်းအကြားမှ ၂၅ ရာခိုင်နှုန်းသို့လည်းကောင်း မတ်လ ၂၅ ရက်နေ့မှစ၍ ကောက်ခံခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Vuttikrai Leewiraphan က ပြောကြားခဲ့သည်။
မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများအတွက် အခွန်ကို ယခင်သုညရာခိုင်နှုန်းမှ ၄.၉ ရာခိုင်နှုန်း အကြားမှ ၂၅ ရာခိုင်နှုန်းသို့ ဧပြီ ၃ ရက်နေ့မှစ၍ ကောက်ခံပြီဖြစ်ကြောင်း၊ အမေရိကန်သည် ထိုင်းသွင်းကုန်အမျိုးအစား ၂ ခုမှ ၃ ခုအကြားကို အခွန်ထပ်တိုးကောက်ခံနိုင်ကြောင်း၊ အထူးသဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ သစ်သားနှင့်သစ်တောထွက်ပစ္စည်းများကို အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံလာနိုင်ကြောင်း၊ထိုင်းနိုင်ငံသည် အမေရိကန်ကုန်စည်များအပေါ် နှုန်းထားမြင့်မြင့်ကောက်ခံသည့် အပြန်အလှန်အခွန်ကိုလည်း ကြုံတွေ့လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်နှုန်းထားထက် ၁၁ ရာခိုင်နှုန်းမြင့်မားသည့် နှုန်းထားဖြင့် အမေရိကန်စက်မှုနှင့် စိုက်ပျိုးရေးထုတ်ကုန်များအပေါ် ကောက်ခံခဲ့ပါကြောင်း၊ အမေရိကန်က တွဲဖက်သည့်အခွန်ကို အပြန်အလှန်ကောက်ခံပါက ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံမှ ၈ ဘီလီယံကြား ဆုံးရှုံးနိုင်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်များ၊ ကွန်ဂရက်အဖွဲ့ဝင်များနှင့် အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် သွင်းကုန်အခွန်လျှော့ချပေးရေး အဆိုပြုနေစဉ်တွင် ကုန်သွယ်ရေးလိုငွေဖြစ်ပေါ်နေမှုကို ဖြေရှင်းရန် သွင်းကုန်ပမာဏကို တိုးမြှင့်ရန်စဉ်းစားသင့်ကြောင်း၊ အလားအလာရှိသော သွင်းကုန်များမှာ တိရစ္ဆာန်အစာ၊ အမဲသား၊ အရက်နှင့် လေယာဉ်များဖြစ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနက ရေနံစိမ်း၊ ရေနံဓာတု၊ သဘာဝဓာတ်ငွေ့နှင့် Liquefied Natural Gas (LNG) တင်သွင်းရန် ဆွေးနွေးလျက်ရှိပြီး ထိုင်းလေကြောင်းလိုင်းကလည်း အမေရိကန်မှ လေယာဉ်ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်းအတွက် စဉ်းစားလျက်ရှိပါကြောင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍကလည်း အမေရိကန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ ထုတ်လုပ်မှုအခြေစိုက်များရွှေ့ပြောင်းလာခြင်းအပေါ် ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် အခြေအနေကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနကလည်း တရုတ်နိုင်ငံမှ သံမဏိနှင့် ပစ္စည်း အပါအဝင် ဆုံးရှုံးနိုင်ခြေရှိသော ပစ္စည်း ၄၉ မျိုးကို ဖော်ထုတ်လျက်ရှိကြောင်း Mr. Vuttikrai က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းလုပ်ငန်းများအပေါ် အပျက်သဘောသက်ရောက်လာနိုင်မှုကိုကာကွယ်ရန် ပုဂ္ဂလိကကဏ္ဍသည် အစိုးရထံ ဗျူဟာ ၂ ခုကို အဆိုပြုထားပါကြောင်း၊ ပထမအချက်မှာ ကာလတိုသက်သာမှုအဖြစ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းလျှော့ချပေးရေးနှင့် ဘဏ္ဍာငွေရရှိမှုတိုးမြှင့်စေရေးဖြစ်ပြီး ဒုတိယအချက်မှာ ကာလရှည်ဗျူဟာအဖြစ် အမေရိကန်၏ သက်ရောက်မှုကို ပြန်လည်တုန့်ပြန်နိုင်မည့် ဥရောပသမဂ္ဂအပါအဝင် ဈေးကွက်များစွာနှင့် ကုန်သွယ်ရေးစာချုပ်များ အပြီးသတ်နိုင် ရေးဖြစ်ကြောင်း၊ မော်တော်ကားနှင့်သံမဏိပို့ကုန်များအပေါ် အမေရိကန်၏အခွန်တိုးမြှင့်မှုအတွက် အစီအစဉ်များနှင့် အချက် အလက်များကြိုတင်ပြင်ဆင်ထားရန်ဖြစ်ကြောင်း ထိုင်းစက်မှုအသင်းချုပ်ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ပြောင်း၊ ပဲပုတ်၊ ပင်လယ်စာ၊ တိရစ္ဆာန်အသား၊ ဝီစကီ၊ ဝိုင်နှင့် စွမ်းအင်ထုတ်ကုန်များအပါအဝင် အမေရိကန်မှ သွင်းကုန်များ တိုးမြှင့်တင်သွင်းမှုအပေါ် စဉ်းစားသင့်ကြောင်း၊ အခွန်ခွဲတမ်းများအပေါ် သင့်တင့်မျှတသော ညှိနှိုင်းမှုများဖြစ်စေရေး အစိုးရအနေဖြင့် ဆောင်ရွက်သင့် ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr. Poj Aramwattananont က သုံးသပ်အကြံပြုထား ပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)