China (HongKong)

ဟောင်ကောင်ဒေသအနေဖြင့် ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ်မှုဗဟိုချက်အဖြစ်ရပ်တည်ရန် အခွန်လျှော့ချမှုများနှင့် ထောက်ပံ့ပို့ဆောင်ရေးမြှင့်တင်မှုများကို စီစဉ်နေ

Last Updated:

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကို ဆွဲဆောင်နိုင်ရန်အတွက် အခွန်မက်လုံးများ၊ မြေနေရာချထားပေးမှုများနှင့် အခြေခံအဆောက်အအုံတိုးချဲ့မှုများကို ပေါင်းစပ်အသုံးပြုကာ ဟောင်ကောင်ဒေသကို ရွှေနှင့်ကုန်စည်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဒေသတွင်းဗဟိုချက်တစ်ခုအဖြစ်ပြောင်းလဲရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်နေကြောင်း သတင်းဆောင်းပါးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် https://www.chinadailyasia.com ၏အွန်လိုင်းသတင်း၌ “HK plans tax cuts and logistics boost to anchor global commodity hub” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးဗျူရို(Transport and Logistics Bureau)သည် သတ်မှတ်ချက်ပြည့်မီသော ကုန်စည်ကုန်သည်များကို အခွန် ၅၀ ရာခိုင်နှုန်းသက်သာခွင့်ပေးမည့် ပြင်ဆင်ချက်ဥပဒေကြမ်းကို ယခုလနှောင်းပိုင်းတွင် တင်သွင်းသွားမည်ဖြစ်ပြီး အဆိုပါဗျူရို၏ ဒုတိယအတွင်းရေးမှူးက ကြာသပတေးနေ့က ပြုလုပ်ခဲ့သောဥပဒေပြုကောင်စီအစည်းအဝေးတွင် ပြောကြားရာ၌ အဆိုပါမက်လုံးပေးမှုသည် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများအား ဟောင်ကောင်တွင် လာရောက်တည်ထောင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်းတို့ကိုတွန်းအားပေးရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်ဟောင်ကောင်မြို့၏ ရေကြောင်းဝန်ဆောင်မှုကဏ္ဍကြီးထွားလာမှုကို အထောက်အကူပြုစေမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ကုန်စည်ကူးသန်းမှုဂေဟစနစ်(ecosystem)ကြီးထွားလာသည်နှင့်အမျှ သိုလှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေးမြေနေရာလိုအပ်ချက်လည်း မြင့်တက်လာလိမ့်မည်ဟုမျှော်လင့်ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ဟောင်ကောင်ဒေသအစိုးရသည် ခေတ်မီထောက်ပံ့ပို့ဆောင်ရေးဇုန်(modern logistics cluster)တစ်ခုတည်ဆောက်ရန် မြောက်ပိုင်းမြို့ပြစီမံကိန်း(Northern Metropolis)အတွင်းရှိ Hung Shui Kiu နှင့် Ha Tsuen ဖွံ့ဖြိုးတိုးတက်ရေးနယ်မြေအသစ်တွင် မြေ ၃၂ ဟက်တာကို လျာထားသတ်မှတ်ပေးထားကြောင်း ဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ဆောင်မှုနှင့်ငွေတိုက်ဝန်ကြီး ခရစ္စတိုဖာ ဟွီချင်းယု(Christopher Hui Ching-yu)၏ပြောကြားချက်အရ ဟောင်ကောင်သည် ၎င်း၏ကုန်စည်ဂေဟစနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရွှေကိုအစပြုမှတ်အဖြစ်အသုံးချနေခြင်းဖြစ်ကြောင်း၊ဒေသတွင်းရွှေအရန်သိုလှောင်မှုဗဟိုချက်အဖြစ်ရပ်တည်နိုင်ရန်ဟောင်ကောင်မြို့သည် သုံးနှစ်အတွင်း ၎င်း၏သိုလှောင်မှုပမာဏကို မက်ထရစ်တန် ၂,၀၀၀ ကျော်အထိတိုးမြှင့်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း၊ ထို့ပြင် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသောရွှေအတွက် ဗဟိုရှင်းလင်းရေးစနစ်(central clearing system)သည် နောက်ဆုံးပြင်ဆင်မှုအဆင့်သို့ရောက်ရှိနေပြီး ယခုနှစ်အတွင်း စမ်းသပ်လည်ပတ်ရန်လျာထားကြောင်းဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ရွှေကုန်သွယ်မှုနှင့်ငွေပေးချေမှုများဆောင်ရွက်သည့် အရည်အချင်းပြည့်မီသောအဖွဲ့အစည်းများကို ဟောင်ကောင်မြို့တွင်  အခြေစိုက်ရန် သို့မဟုတ် လုပ်ငန်းတိုးချဲ့ရန် ဆွဲဆောင်နိုင်ရေးအတွက် အခွန်မက်လုံးများပေးအပ်ရန်လည်း စဉ်းစားသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အဖိုးတန်သတ္တုဈေးကွက်အပြင် သံမဟုတ်သောသတ္တုများ(non-ferrous metals)ကို အဓိကသုံးစွဲသူနှင့် ထုတ်လုပ်သူလည်းဖြစ်ပြီး ကမ္ဘာ့သတ္တုထောက်ပံ့ရေးကွင်းဆက်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် လန်ဒန်သတ္တုဖလှယ်ရေးအဖွဲ့(London Metal Exchange - LME)၏ကမ္ဘာလုံးဆိုင်ရာ သိုလှောင်ရုံကွန်ရက်သို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း စုစုပေါင်းသိုလှောင်မှုဧရိယာစတုရန်းမီတာ ၄၂,၀၀၀ ကျော်ကို စတင်လည်ပတ်နိုင်ခဲ့ပြီး ၎င်းသည် ၂၀၂၅ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၁.၅ ဆကျော်တိုးတက်လာခြင်းဖြစ်ကြောင်းနှင့်ဟောင်ကောင်သည် ရေရှည်တွင် ကုန်စည်ရောင်းဝယ်မှုများကိုတရုတ်ယွမ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ ငွေပေးချေခြင်းတို့ကို ပိုမိုဆောင်ရွက်နိုင်ရန် အရည်အချင်းပိုမိုပြည့်မီလာမည်ဖြစ်ကြောင်း ဝန်ကြီးကဖြည့်စွက်ပြောကြားခဲ့သည်ဟုဖော်ပြထားပါသည်။

Source: https://www.chinadailyasia.com/hk/article/634872

(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)