Korea

အမေရိကန်-အီရန်ပဋိပက္ခအဆုံးသတ်ရေးသဘောတူညီမှုလက်မှတ်ရေးထိုးရန်နီးစပ်နေကြောင်း ကြေညာခဲ့မှုအခြေအနေ

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(U.S. President Donald Trump)နှင့် ကြားဝင်ဖျန်ဖြေ ပေးသည့် ပါကစ္စတန်နိုင်ငံတို့က အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရေးအတွက် ကနဦးသဘောတူညီမှုတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးမည်ဟု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော် အီရန်နိုင်ငံဘက်မှ သဘောတူညီချက်လက်မှတ်ရေးထိုးမည့် အချိန်ကာလနှင့်ပတ်သက်၍ အတည်မပြုသေးဘဲ ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်းသာ ပြောကြားခဲ့ပါသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ်စ်ရှာရစ်ဖ်ကနှစ်ဖက်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီမှုမူဘောင်တစ်ရပ်ကို သဘောတူညီထားပြီး အီလက်ထရွန်နစ်နည်းလမ်းဖြင့် လက်မှတ်ရေးထိုးရန်စီစဉ်နေကြောင်း၊ ထို့နောက် နည်းပညာအဆင့်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထရမ့်ကလည်း အီရန်နှင့် သဘောတူညီမှုရရှိပါက ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)ကို ချက်ချင်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့်ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်မှလည်း အီရန်က ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပါက အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ထားသည့် ရေတပ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

သက်ဆိုင်ရာသတင်းရင်းမြစ်များ၏ဖော်ပြချက်အရ မူကြမ်းသဘောတူညီချက်တွင် အမေရိကန်က အီရန်၏ Frozen Iranian Assets(အမေရိကန်နှင့် အနောက်နိုင်ငံတွေများက ပိတ်ဆို့အရေးယူမှု (Sanctions)ကြောင့် အသုံးပြုခွင့်မပေးဘဲ ထိန်းသိမ်းထားသည့်ငွေကြေးများ)အနက် အီရန်နိုင်ငံပိုင် ဒေါ်လာဘီလီယံနှင့်ချီသောငွေကြေးများကို ပြန်လည်လွှဲပြောင်းပေးရန်နှင့် ရေနံတင်ပို့မှုဆိုင်ရာ ပိတ်ဆို့အရေးယူမှုအချို့ကို ဖြေလျှော့ပေးရန်ပါဝင်ကြောင်း သိရှိရပါသည်။ အပြန်အလှန်အားဖြင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရမည်ဖြစ်ပါသည်။

ထို့ပြင် အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို ရက်ပေါင်း (၆၀)ကြာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အမေရိကန်ဘက်က အီရန်၏ မြင့်မားစွာသန့်စင်ထားသည့် ယူရေနီယံများကို ဖျက်သိမ်းဖယ်ရှားရန် ရည်ရွယ်ထားသော်လည်း အီရန်နိုင်ငံကမူ ယူရေနီယံကို သန့်စင်မှုလျှော့ချထားသည့် ပုံစံဖြင့် ဆက်လက်ထိန်းသိမ်းလိုကြောင်း ပြောကြားထားပါသည်။

အဆိုပါသဘောတူညီချက်တွင် အစ္စရေးနိုင်ငံပါဝင်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ပြီး အစ္စရေးအနေဖြင့် ဒေသတွင်းလုံခြုံရေးခြိမ်းခြောက်မှုများအပေါ် လိုအပ်သလိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စရေးအရာရှိများက ပြောကြား ခဲ့ပါသည်

အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီမှုရရှိပါက ကမ္ဘာ့ရေနံဈေးကွက်တည်ငြိမ်မှုပြန်လည်ရရှိလာနိုင်ပြီး ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် နိုင်ငံတကာစွမ်းအင်ထောက်ပံ့ရေးကွင်းဆက်များပြန်လည်ချောမွေ့လာမည်ဟု လေ့လာသူများက သုံးသပ်ထားကြပါသည်။

သတင်းရင်းမြစ်။   The Korea Times (15.6.2026)

https://www.koreatimes.co.kr/world/20260615/trump-says-deal-is-reached-to-end-iran-war-and-us-naval-blockade                                                                                                                                             (ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)     

Category: Korea