ယူအေအီးနိုင်ငံအခြေစိုက်စွမ်းအင်ကဏ္ဍတွင် လုပ်ငန်းလည်ပတ်နေသော ထွန်းသစ်စလုပ်ငန်းစုများ(Startups)အတွက် လုပ်ငန်းဘဏ္ဍာငွေပမာဏစုစုပေါင်းသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အကုန်တွင် AED ၁၁၀.၂ သန်းကျော်အထိရောက်ရှိခဲ့ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA)၏ထွန်းသစ်စစွမ်းအင်လုပ်ငန်းစုများအတွက် ကနဦးဘဏ္ဍာငွေဆိုင်ရာအချက်အလက်များတွင် ဖော်ပြပါရှိပါသည်။
အဆိုပါအစီရင်ခံစာတွင် စွမ်းအင်သိုလှောင်မှုနှင့်ဘက်ထရီလုပ်ငန်းများတွင် လုပ်ငန်းလုပ်ကိုင်ကြသည့်ထွန်းသစ်စလုပ်ငန်းစုများသည် စုစုပေါင်းဘဏ္ဍာငွေ၏ ၃၃.၃ % ခန့်ပံ့ပိုးမှုဖြင့် ဖွဲ့စည်းထားရှိပြီး ၎င်းနောက်တွင် နေရောင်ခြည်စွမ်းအင် ၂၅ %၊ လေအားစွမ်းအင် ၈.၃ % နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲနှင့် သန့်ရှင်းသောစွမ်းအင်များကို ကျန် ၃၃.၃ % ပံ့ပိုးမှုတို့ဖြင့် စုပေါင်းဖွဲ့စည်းထားပါသည်။
ယူအေအီးနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းစုကုမ္ပဏီစုစုပေါင်းအရေအတွက်သည် ၂၀၂၃ ခုနှစ်ကုန်တွင် ၅၄ ခုနီးပါးသို့ရောက်ရှိခဲ့ပါသည်။ အဆိုပါလုပ်ငန်းစုကုမ္ပဏီများကို စွမ်းအင်သိုလှောင်မှုနှင့်ဘက်ထရီနယ်ပယ်ကဏ္ဍတွင် ၁၂ ခု ပိုင်းခြားထားပြီး စွမ်းအင်ထိရောက်မှုကဏ္ဍတွင် ၉ ခု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ၂၁ ခု နှင့် အခြားသောစွမ်းအင်ဆိုင်ရာ ကဏ္ဍများတွင် ၁၂ ခုတို့အသီးသီးရှိကြကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)