Singapore

စင်ကာပူနိုင်ငံတွင် အသေးစားနှင့်အလတ်စား လက်လီအရောင်းအဝယ်လုပ်ငန်းများနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒီဂျစ်တယ်စီးပွားရေးတွင် ပိုမိုဖွံ့ဖြိုးလာစေရန် အဆင့်မြင့်ဒီဂျစ်တယ်စနစ်အမျိုးအစားများကို ထုတ်ပြန်

Last Updated:

အသေးစားနှင့်အလတ်စားလက်လီအရောင်းအဝယ်လုပ်ငန်းများနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒီဂျစ်တယ်စနစ် ၂ ခုဖြစ်သည့် Omnichannel Retail Management (OCRM)နှင့် Integrated Security Management(ISM)ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် Infocomm Media Development Authority (IMDA)က ထုတ်ပြန်ခဲ့ပါသည်။အဆိုပါစနစ် ၂ ခုကို ကနဦး အစီအစဉ်အဖြစ် ၁ နှစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ဒီဂျစ်တယ်စနစ်ဖြင့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး၊ ဒီဂျစ်တယ် စနစ်သို့ကူးပြောင်းနိုင်ရေး၊ ဒီဂျစ်တယ်စီးပွားရေးတွင် အသေး စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ကာလရှည်ရပ်တည်နိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်း ၁၀၀ ကို ပံ့ပိုးသွားမည်ဖြစ်ပါသည်။

အဆိုပါစနစ် ၂ ခုသည် စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်အမျိုးမျိုးကို တစ်စုတစ်စည်းတည်းဖြစ်စေခြင်း၊ အချက်အလက်များကို ရှင်းလင်းစွာသိမြင်နိုင်စေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် သတင်းအချက်အလက်စီးဆင်းမှုကိုချောမွေ့စေခြင်းဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

Omnichannel Retail Management(OCRM)စနစ်သည် လက်လီရောင်းဝယ်ရေးလုပ်ငန်းအတွက်ဖြစ်ပြီး ဝယ်ယူသူများနှင့် ချိတ်ဆက်မှုအမျိုးမျိုးကို နယ်ပယ်အမျိုးမျိုးတွင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ OCRM ကို IMDA နှင့် Enterprise Singapore တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်လီဈေးဆိုင်များ၊  e-marketplaces နှင့်အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုများတွင် ဝယ်ယူသူများနှင့်ချိတ်ဆက်ဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့်အတွေ့အကြုံများကို လက်လီရောင်းချသူများမှ မျှဝေနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် လက်ကျန်စာရင်းစီမံခန့်ခွဲမှု၊ ဝယ်သူနှင့် ဆက်ဆံရေးစီမံခန့်ခွဲမှုလုပ်ငန်း‌များကိုပါ ပေါင်းစပ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Integrated Security Management(ISM)စနစ်ကို IMDA နှင့် ပြည်ထဲရေးဝန်ကြီးဌာန(Ministry of Home Affairs – MHA)တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အသေးစားနှင့် အလတ်စားလုံခြုံရေးအေဂျင်စီများ၏လုပ်ငန်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်သည့် ချဉ်းကပ်မှုများဖြစ်စေရေးနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့အတွက်ဖြစ်ပါသည်။ လုံခြုံရေးဝန်ဆောင်မှုရယူလိုသူများက Outcome Based Contract Model အရ သီးခြားရလဒ်များရရှိရေးကို အလေးပေးလာကြသည်ဖြစ်ရာ လုံခြုံရေးဝန်ဆောင်မှုအေဂျင်စီများအနေဖြင့် ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများပေးရန် လိုအပ်လာပါသည်။ ISM သည် AI စွမ်းရည်များကို စုစည်း၍ သမားရိုးကျလုံခြုံရေးဝန်ဆောင်မှုထက်ပိုသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်စေမည်ဖြစ်ပါသည်။ ISM စနစ်သည် user-friendly management dashboard မှတစ်ဆင့် ဘက်စုံလုပ်ငန်းစဉ်များကို  စီမံခန့်ခွဲနိုင်ရန်အတွက် အခြားစနစ်များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဖြစ်ရပ်များကို အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ကွပ်ကဲခြင်း၊ ထိန်းချုပ်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ISM စနစ်အသုံးပြုခြင်းဖြင့် လုံခြုံရေးဝန်ဆောင်မှုများကို ချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပလက်ဖောင်းတစ်ခုတည်းမှတစ်ဆင့် အခြားသောစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံစီးပွားရေး၏ အဓိကကျောရိုးဖြစ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကဏ္ဍစုံမှ ထောက်ပံ့ပေးလျက်ရှိရာ OCRM နှင့် ISM စနစ်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာမှုသည် ဒီဂျစ်တယ်စီးပွားရေး၌ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရေး၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဒီဂျစ်တယ်ကိုအသုံးချ၍ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးမှုတစ်ခုဖြစ်ပါသည်။

ရင်းမြစ်။        Infocomm Media Development Authority

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore