India (Kolkata)

အိန္ဒိယ Darjeeling လက်ဖက်ခြောက်လုပ်ငန်း အကျပ်အတည်းကျရောက်လျက်ရှိ၊ ပြည်တွင်းနှင့် တရုတ်နိုင်ငံဈေးကွက်များတွင် ပြန်လည်ရှင်သန်ရန် အဓိကသော့ချက်ဖြစ်ဟုဆို

Last Updated:

အိန္ဒိယနိုင်ငံ၏ နာမည်ကျော် Darjeeling လက်ဖက်ခြောက်လုပ်ငန်းသည် စိန်ခေါ်မှုအမျိုးမျိုးကြောင့် ဖြစ်တည်မှုအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ သို့သော်လည်း ပြည်တွင်းစားသုံးမှုတိုးမြှင့်လာခြင်းနှင့်တရုတ်နိုင်ငံဈေးကွက်သို့ဝင်ရောက်ခြင်းသည် အဆိုပါကဏ္ဍကိုကယ်တင်နိုင်ဖွယ်ရှိသည်ဟု အိန္ဒိယနိုင်ငံလက်ဖက်ခြောက်တင်ပို့ရောင်းချသူများအသင်း (ITEA )၏ ဥက္ကဋ္ဌ Anshuman  Kanoria က ပြောကြားခဲ့သည်။

ဘင်္ဂလားကုန်သည်စက်မှုအသင်းချုပ်မှ ကြီးမှူးကျင်းပသော ယခုလ(၁၇)ရက်နေ့အခမ်းအနားတွင် Mr Kanoria က တရုတ်စားသုံးသူများသည် ကမ္ဘာပေါ်တွင် အရည်အသွေးကောင်းသော လက်ဖက်ခြောက်ကို အမြင့်ဆုံးဈေးနှုန်းပေးဝယ်၍ သောက်သုံးလေ့ရှိကြကြောင်း ပြောကြားခဲ့သည်။ Darjeeling လက်ဖက်ခြောက်ကို တစ်ကမ္ဘာလုံးက လက်ခံထားသော်လည်း ထုတ်ကုန်နှင့်ပတ်သက်၍ အသိပညာနှင့် ပညာပေးမှုအားနည်းလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။ စျေးကွက်ဝင်ရောက်မှု၊ ငွေသားထည့်ဝင်မှုတို့မှတစ်ဆင့် အစိုးရ၏ဝင်ရောက်စွက်ဖက်မှုလိုအပ်ကြောင်းနှင့် Darjeeling လက်ဖက်ရည်အဖြစ် ဟန်ဆောင်ထားသည့် နီပေါနိုင်ငံမှ ဈေးပေါသော လက်ဖက်ခြောက်များ ထိုးဖောက်ဝင်ရောက်မှုကို တားမြစ်ရန် ၎င်းက တောင်းဆိုခဲ့သည်။

Darjeeling လက်ဖက်ခြောက်လုပ်ငန်းသည် ရာသီဥတုဖောက်ပြန်မှု၊ ကြီးမားသော အလုပ်သမားပြတ်လပ်မှုနှင့် ဈေးကွက်အတွင်း နီပေါလက်ဖက်တို့ဝင်ရောက်မှုတို့ကြောင့် ထိခိုက်ခဲ့မှုအပေါ် "အဲဒါက ICU က လူနာပါ" ဟု အဆိုပါအခြေအနေနှင့်ပတ်သက်၍ Mr Kanoria က ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်က Gorkhaland နိုင်ငံရေးလှုပ်ရှားမှုကြောင့် လုပ်ငန်းများပိတ်သိမ်းခဲ့ရသည့်အချိန်က ကြီးမားသော ဘဏ္ဍာရေးဆုံးရှုံးမှုကိုဖြစ်စေခဲ့ပြီး နိုင်ငံခြားဝယ်လက်များကို Darjeeling လက်ဖက်ခြောက်မှ အခြားလက်ဖက်ခြောက်များထံ ပြောင်းလဲစေခဲ့သည်။ ယင်းကြောင့် နီပေါနိုင်ငံမှ လက်ဖက်ခြောက်က ဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသော နီပေါလက်ဖက်ခြောက်သည် ပို့ကုန်အဆင့်ကို ကျော်လွန်ကာ ဆိုးရွားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာကြောင်း Mr Kanoria က သတိပေးခဲ့သည်။ နီပေါနိုင်ငံ၏ Darjeeling လက်ဖက်ခြောက်တုထုတ်လုပ်မှုသည် ယခုအခါ ကီလိုဂရမ် ၆ သန်းနီးပါးရှိကြောင်း သိရသည်။

Darjeeling လက်ဖက်ခြံအများစုသည် တစ်ကီလိုလျှင် ရူပီး ၂၀၀ ခန့်ဆုံးရှုံးပြီး နှစ်စဉ် ကုဋေပေါင်းများစွာဆုံးရှုံးမှုရှိကြောင်း၊ GI မှတ်ပုံတင်ထားသော လက်ဖက်ခြံ ၈၇ ခုတွင် ၇၀ သည် လည်ပတ်ကာ အလုပ်လုပ်နိုင်သော်လည်း ကျန်လက်ဖက်ခြံ ၄၀ မှ ၅၀ အထိ ရောင်းချရန်ရှိနေသည်ဟု ITEA ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် ယင်းက အိန္ဒိယနိုင်ငံ၏ Darjeeling လက်ဖက်ခြောက်လုပ်ငန်း၏ အရေးကြီးသော အခြေအနေနှင့် အရေးတကြီးဖြေရှင်းမှုများ လိုအပ်နေကြောင်း မီးမောင်းထိုးပြလျက်ရှိပါသည်။

သုံးသပ်တင်ပြချက်

မြန်မာနိုင်ငံ၏ လက်ဖက်ခြောက်ပို့ကုန်ကဏ္ဍသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဈေးကွက်အပေါ် အဓိကအမှီပြုလျက်ရှိပြီး၊ အိမ်နီးချင်းနိုင်ငံအချို့နှင့် ဈေးကွက်ယှဉ်ပြိုင်နေရသည့် အခြေအနေတွင်ရှိပါ သည်။ အိန္ဒိယနိုင်ငံ၏ နာမည်ကျော် Darjeeling လက်ဖက်ခြောက်တင်ပို့မှုကဏ္ဍတွင် တရုတ်နိုင်ငံဈေးကွက်သည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်းနှင့် အိမ်နီးချင်းနီပေါနိုင်ငံမှ လက်ဖက်ခြောက်များ ဈေးကွက်ဝင်ရောက်မှုကြောင့် ပြည်တွင်းလက်ဖက်ခြောက်လုပ်ငန်းများ ထိခိုက်မှုရှိသည့်အခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။

Business Standard၊ “Domestic consumption, Chinese market can lift Darjeeling tea: ITEA chairman”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)