Japan

စွမ်းအင်နှင့်စားနပ်ရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှုအတွက် အရေးပါသည့်သယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိမှုသေချာစေရေးတို့အတွက် ဂျပန်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်

Last Updated:

The Japan-U.S. Economic Policy Consultative Committee(EPCC)(the Economic "2+2")၏ ဒုတိယအကြိမ် ဝန်ကြီးများအဆင့်အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ ပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး KAMIKAWA Yoko ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး NISHIMURA Yasutoshi ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ Antony Blinken ၊ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး၊Gina Raimondo တို့တက်ရောက်ခဲ့ပြီး  စွမ်းအင်နှင့်စားနပ်ရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှုအတွက် အရေးပါသည့်သယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိမှုသေချာစေရေးတို့အတွက် ဂျပန်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် သဘောတူညီခဲ့ကြောင်း အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

သတင်းထုတ်ပြန်ချက်တွင် ဂျပန်-အမေရိကန်နှစ်နိုင်ငံအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်လာနိုင်မှုများကို ဖြေရှင်းရာတွင် မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ တီထွင်ဖန်တီးထားသည့် နည်းပညာများနှင့် အသစ်တီထွင်ဖန်တီးသွားမည့် နည်းပညာများကို ကာကွယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသအတွင်း တရားဥပဒေစိုးမိုးမှုကို အခြေခံပြီး ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်စွာယှဉ်ပြိုင်နိုင်စွမ်းရှိသော စီးပွားရေးဆိုင်ရာစံနှုန်းများ အားကောင်းခိုင်မာလာစေရေးဆောင်ရွက်သွားရန်၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် စီးပွားရေးလုပ်ငန်းများ၏ ရပ်တည်ဆောင်ရွက်မှုအပေါ် ထိခိုက်စေသည့် လုပ်ငန်းစဉ်များအား အတူတကွလက်တွဲဖြေရှင်းဆောင်ရွက်သွားရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကြံ့ခိုင်ရည်ရှိမှုတို့ကို အဟန့်အတားဖြစ်စေနိုင်သည့် စီးပွားရေးဆိုင်ရာ ခြိမ်းခြောက်လာနိုင်မှုများကို အတူတကွလက်တွဲတုံ့ပြန်သွားရန်၊ သိပ္ပံနည်းကျတွေ့ရှိချက်များနှင့် စည်းမျဉ်းများအပေါ် အခြေခံထားခြင်းမရှိသည့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဖြေရှင်းဆောင်ရွက်သွားရန်၊ ပွင့်လင်းမြင်သာမှုရှိပြီး ကြံ့ခိုင်ရည်ရှိကာ ရေရှည်တည်တံ့သည့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တည်ဆောက်သွားရန်၊ ရေရှည်တည်တံ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အရည်အသွေးမြင့်အခြေခံအဆောက်အဉီများ မြှင့်တင်နိုင်ရန်၊ ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာငွေထောက်ပံ့မှုစနစ်ဖော်ဆောင်ရန်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ အကာအကွယ်ပေးနိုင်ရန်နှင့် လုံခြုံမှုရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် သွားရန် သဘောတူညီခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထို့ပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductors) ၊ Artificial Intelligence ၊ Quantum Information Science and Technology ၊ Biotechnology ၊ Clean Energy Technology ၊ Advanced Communications Technology ဆိုင်ရာကဏ္ဍများတွင် ဂျပန်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန်၊ အရေးပါသည့်သယံဇာတအရင်းအမြစ်များ၏ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် အားကောင်းခိုင်မာစေရေးအတွက် သယံဇာတအရင်းအမြစ်များဖူလုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(Mineral Security Partnership)မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန်၊ ရုရှားနိုင်ငံမှ စွမ်းအင်ဝယ်ယူအသုံးပြုမှုလျှော့ချသွားရန်၊ နျူကလီးယားစွမ်းအင်အသုံးပြုမှုကို ပူးပေါင်းမြှင့်တင်သွားရန်၊ ကာဗွန်ကင်းစင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန်၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ရန် လေစွမ်းအင်၊ နေစွမ်းအင်၊ နျူကလီးယားနှင့်အခြားသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသုံးစွဲမှုကို ပူးပေါင်းမြှင့်တင်သွားရန်၊ စွမ်းအင်ဖူလုံရေးနှင့် သန့်ရှင်းသောစွမ်းအင်သို့ အသွင်ကူးပြောင်းသုံးစွဲရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် သဘောတူညီခဲ့ကြပါသည်။

ထို့ပြင် စားနပ်ရိက္ခာဖူလုံစေရေး၊ ရေရှည်တည်တံ့ပြီး ကြံ့ခိုင်ရည်ရှိသည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးထုတ်လုပ်မှုစနစ်ကို တည်ထောင်သွားရန်၊ လယ်ယာထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးကဏ္ဍဖြစ်စေရေးအတွက် ဂျပန်-အမေရိကန်ဆွေးနွေးညှိနှိုင်းမှုစနစ်(Japan-US Dialogue on Sustainable Agriculture) ထူထောင်ဆောင်ရွက်သွားရန်၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံစေရေးနှင့် ယူကရိန်းမှ ကောက်ပဲသီးနှံများတင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂ၊ တာကီယဲ၊ ယူကရိန်းနှင့် ရုရှားတို့ပါဝင်သည့် ကောက်ပဲ သီးနှံများအား ပင်လယ်နက်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ခွင့်ဆိုင်ရာ လေးပါတီသဘောတူညီချက်(Black Sea Grain Initiative)တွင် ရုရှားနိုင်ငံ ပြန်လည်ပါဝင်လာစေရေး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။

ထို့ပြင် ဆိုက်ဘာလုံခြုံရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာနိုင်မှုအခြေအနေများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များမျှဝေမှု မြှင့်တင်သွားရန်၊ ဂျပန်နိုင်ငံ၏ National Institute of Advanced Industrial Science and Technology(AIST)၏ Cyber Physical Security Research Center(CPSEC)နှင့် အမေရိကန်နိုင်ငံ၏ The National Institute of Standards and Technology တို့အကြား Cryptography နှင့် Hardware Security ဆိုင်ရာနည်းပညာများတွင် ဂျပန်-အမေရိကန်ပူးတွဲသုတေသနပြုလုပ်မှုကို ပိုမိုအားကောင်းစေရေးဆောင်ရွက်သွားရန်၊ ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ တီထွင်ဖန်တီးထားသော အရေးပါသည့်နည်းပညာများကို ကာကွယ်နိုင်ရေးအတွက် ပို့ကုန်ထိန်းချုပ်မှုလုပ်ငန်းစဉ်များ ပိုမိုအားကောင်းခိုင်မာစေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် သဘောတူညီခဲ့ကြပါသည်။ ထို့အတူ ဒုတိယဝန်ကြီးအဆင့်အစည်းအဝေးများကို ဆက်လက်ပြုလုပ်သွားရန် နှင့်နှစ်နိုင်ငံစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းစွာ ပြုလုပ်သွားနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆွေးနွေးမှုများပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်။

သုံးသပ်တင်ပြချက်

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေး၊ ကမ္ဘာ့စီးပွားရေးအပေါ် ခြိမ်းခြောက်လာမှုအခြေအနေများကို တုံ့ပြန်နိုင်ရေး၊ စီးပွားရေးလုံခြုံမှုနှင့် ကြံ့ခိုင်မှုမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ ဂျပန်-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် စီးပွားရေးဝန်ကြီးများအကြားအစည်းအဝေး(The Economic 2+2)ကို ပုံမှန်ကျင်းပသွားရန် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှိဒနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့အကြား ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် သဘောတူညီခဲ့ကြပြီး ပထမအကြိမ်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့ပါသည်။

The Economic 2+2 အစည်းအဝေးများသည် ဂျပန်-အမေရိကန် နှစ်နိုင်ငံ၏ခိုင်မာအားကောင်းသည့်ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘာသို့ချပြခြင်းဖြစ်သကဲ့သို့ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံမှုအရ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် လမ်းကြောင်းများအား ဂျပန်-အမေရိကန်နှစ်ဖက်အပြန်အလှန်အသိအမှတ်ပြု လက်ခံနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ The Economic 2+2 ကဲ့သို့ ဒေသတွင်းလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့အတွက် ဂျပန်-အမေရိကန်လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်နိုင်ရေး The U.S.-Japan Security Consultative Committee (SCC)(2+2) အစည်းအဝေးများကိုလည်း ကျင်းပလျက်ရှိပါသည်။

Source: Ministry of Foreign Affairs (Japan)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan