Thailand

ထိုင်းနိုင်ငံက အမေရိကန်နှင့်ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများအတွက် နည်းလမ်းများချမှတ်ခဲ့

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့်ညှိနှိုင်းဆွေးနွေးရာ၌ မည်သည့်အစီအမံများမဆို လက်တွေ့ကျပြီးဖြစ်နိုင်သော အစီအမံများဖြစ်ရန်လိုအပ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunha-vajira က ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အမေရိကန်ကုန်သွယ်ရေးအစီအမံများအပေါ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးက အမေရိကန်ကိုအဆိုပြုမည့် ထိုင်းနိုင်ငံ၏ကုန်သွယ်ရေးအစီအမံများသည် အပြီးသတ်ပြီးဖြစ်သောကြောင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်နှင့်ညှိနှိုင်းရန် အမေရိကန်သို့ ခရီးစဉ်သွားရောက်ရန်ရှိကြောင်း၊ ထိုင်းအဆိုပြုလွှာများသည် ထိုင်းနိုင်ငံ၏ စွမ်းဆောင်နိုင်မှုဖြစ်ပါကြောင်း၊ အမေရိကန်က အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် ခရီးစဉ်ကို စီစဉ်ခြင်းမဟုတ်ဘဲ မိမိတို့ဆောင်ရွက်လိုသည့်အရာအတွက် ဆောင်ရွက်နိုင်မှုပင်ဖြစ်ပြီး အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် အားလုံးညီမျှစွာ အခွန်လျှော့ချနိုင်မည့် နည်းလမ်းရှာဖွေရန် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အမေရိကန်သို့ အဆိုပြုမည့်နည်းလမ်း(၄)ခုကို ဆုံးဖြတ်ခဲ့ပါကြောင်း၊ ပထမ(၁)ခုမှာ ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံဖြစ်ပေါ်နေသောကြောင့် ကုန်သွယ်ရေးမျှတရန် နည်းလမ်းများရှာဖွေရန်၊ တိရစ္ဆာန်အစာထုတ်လုပ်ရန်အတွက် ကုန်ကြမ်းတင်သွင်းမှုတိုးမြှင့်ရန်၊ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် တိရစ္ဆာန်အစာတန်ချိန် ၂၀ သန်း ထုတ်လုပ်လျက်ရှိရာ အဓိကပါဝင်ပစ္စည်းဖြစ်သည့် ပြောင်းတန်ချိန် ၉ သန်းတွင် ပြည်တွင်း၌ တန်ချိန် ၅ သန်းစိုက်ပျိုးပြီး ၄ သန်းကို တင်သွင်းပါကြောင်း၊ ထိုင်းနိုင်ငံသည် ဈေးနှုန်းယှဉ်ပြိုင်နိုင်သော တိရစ္ဆာန်အစာပြောင်းကို အမေရိကန်မှ ပိုမိုတင်သွင်းနိုင်ကြောင်း၊ အသားများ အထူးသဖြင့် ပြည်ပတွင် မစားသုံးသည့်တိရစ္ဆာန် Offal များကို ပိုမိုတင်သွင်းပြီး ထိုင်းနိုင်ငံ၌ အစားအစာအဖြစ်သို့ ပြုပြင်နိုင်ကြောင်း၊ ဒုတိယအချက်မှာ ထိုင်းနိုင်ငံဿည် သွင်းကုန်အခွန်နည်းသော ပစ္စည်းအမျိုးအစား ၁၀၀ ကို အမေရိကန်မှ တင်သွင်းသော်လည်း အမေရိကန်ကိုစိတ်ပျက်စေမည့် အကောက်ခွန်မဲ့အတားအဆီးများရှိနေပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံရှိသဖြင့် အပြန်အလှန်အခွန်နှုန်းထား ၃၆ ရာခိုင် နှုန်းထားရှိသောကြောင့် အကောက်ခွန်မဲ့အတားအဆီးများသည် အမေရိကန်အတွက် ဦးစားပေးဖြစ်နေပါကြောင်း၊ ကမ္ဘောဒီးယားသည် အမေရိကန်နှင့်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၉၀၀ သန်းသာဖြစ်ပေါ်နေသော်လည်း အပြန်အလှန်အခွန် ၄၀ ရာခိုင် နှုန်းကောက်ခံရပါကြောင်း၊ ယင်းကုန်သွယ်ရေးအတားအဆီးများ သို့မဟုတ် ရှုပ်ထွေးသောလုပ်ငန်းစဉ်များသည် ထိုင်းနိုင်ငံ၏ စွမ်းဆောင်ရည်ကိုမြင့်တက်စေပြီး အမေရိကန်ညှိနှိုင်းသူများကို ကျေနပ်စေမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ ထိုင်းနှင့် ဗီယက်နမ်တို့သည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေသော်လည်း တရုတ်ကုန်စည်များသည် တန်ဖိုးနည်းသောကြောင့် တရုတ်နှင့် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်နေပါကြောင်း၊ အချို့သောထုတ်ကုန်များကို အနည်းငယ်ပြင်ဆင်ပြီးနောက် ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာပြီး ထိုင်းနိုင်ငံမှ တင်ပို့နိုင်ရန် ပင်ရင်းနိုင်ငံစည်းမျဉ်းရရှိနိုင်ကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ပင်ရင်းနိုင်ငံစည်းမျဉ်းထုတ်ပေးမှုအပေါ် ပိုမိုတင်းကျပ်သင့်ကြောင်း၊ နောက်ဆုံးတစ်ချက်မှာ စွမ်းအင်ကဏ္ဍတွင် ထိုင်းနိုင်ငံသည် နှစ်စဉ်သဘာဝဓာတ်ငွေ့ ကုဗလက်မ ၂.၇ ဘီလီယံတင်သွင်းရန်လိုအပ်ရာ အများစုကို အရှေ့အလယ်ပိုင်းမှ တင်သွင်းပါကြောင်း၊ ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့ကို တင်ပို့စရိတ် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာသာကျသင့်သည့် အမေရိကန်မှ တင်သွင်းနိုင်ကြောင်း၊ ထိုင်းပင်လယ်ကွေ့မှ ဓာတ်ငွေ့ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၅.၉၀ ဖြစ်ပြီး စာချုပ်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၂ နှင့် Spot ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀ ဖြစ်ကြောင်း၊ အမေရိကန်မှ ဓာတ်ငွေ့ဝယ်ယူမည်ဆိုပါက အမေရိကန်သည် အလက်စကာမှ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရန် စီစဉ်လျက်ရှိသောကြောင့် ထိုင်းကုမ္ပဏီများအနေဖြင့် အမေရိကန်ရှိ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ ထို့ပြင် အမေရိကန်ရှိ အစားအစာထုတ်လုပ်သည့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံနိုင်ပြီး နိုင်ငံအနှံ့သို့ ရောင်းချနိုင်ကြောင်း၊ ယင်းနည်းလမ်းများသည် ၅ နှစ်အတွင်း အမေရိကန်၏အကျိုးကျေးဇူးများကို ပြသမည်ဖြစ်ပြီး နောက် ၅ နှစ်တွင် ကုန်သွယ်မှုသည် ပိုမိုမျှတသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand