ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း Mr. ဟွန်ဆန်၏ ထိုင်းသွင်းကုန်များအပေါ် ပိတ်ဆို့မှုနှင့် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများကို မိမိနိုင်ငံသို့ ပြန်လည်ခေါ်ယူမည့်အစီအစဉ်သည် ထိုင်းစီးပွားရေးအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း ထိုင်းစီးပွားရေးခေါင်းဆောင်များနှင့် တက္ကသိုလ်ပညာရှင်များက သုံးသပ်ပြောကြားခဲ့ပါသည်။
လက်ရှိအငြင်းပွားဖွယ်ရာများရှိနေသော်လည်း ကမ္ဘောဒီးယားဖက်မှ နယ်စပ်စစ်ဆေးရေးဂိတ်ဖွင့်လှစ်သည့်အချိန်ပြောင်းလဲသည့်အပေါ် ထိုင်းအစိုးရက လိုက်လံမချိန်ညှိပေးသည့် ဆုံးဖြတ်ချက်ကြောင့် ကမ္ဘောဒီးယားအနေဖြင့် ထိုင်းထုတ်ကုန်များကို အသုံးမပြုတော့ကြောင်းနှင့် ကမ္ဘောဒီးယားရွှေ့ပြောင်း အလုပ်သမားအနေဖြင့် ၎င်းတို့ကို နေရပ်ပြန်လည်မပို့ဆောင်မီ မိမိသဘောဖြင့်ပြန်လာရန် Mr. ဟွန်ဆန်က တိုက်တွန်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ချိန်များအပေါ် သဘောတူညီမှုမရရှိခဲ့ပါက ကမ္ဘောဒီးယားလူနာများအနေဖြင့် ထိုင်းနိုင်ငံအပြင် အခြားသောနိုင်ငံများတွင် ကုသမှုအတွက် ရှာဖွေရေးနှင့် ကာကွယ်ရေးကို ပိုမိုခိုင်မာစေမည့်အစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားသည် Chong Jom စစ်ဆေးရေးဂိတ်ရှိ ဂိတ်ဖွင့်လှစ်ချိန်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီထိပြောင်းလဲခဲ့သော်လည်း ထိုင်းဖက်မှာမူ ဖွင့်လှစ်ချိန်မတူညီဘဲ ခရီးသွားမှုနှင့် ဖြတ်သန်းသွားလာမှုအတွက် ၆ နာရီသာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများသည် မိသားစုနေထိုင်စားသောက်နိုင်ရေးအတွက် ငွေကြေးပြန်လည်ပို့ဆောင်နေရသော ကြောင့် ၎င်းတို့နိုင်ငံသို့ ပြန်နိုင်မည်မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားတရားဝင်လုပ်သားဦးရေသည် ၅၁၅,၃၅၀ ဦးရှိပြီး အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားသားလုပ်သားများ၏ ၁၃.၅ ရာခိုင်နှုန်းရှိပါကြောင်း၊ အလုပ်လိုင်စင်မရှိသော ကမ္ဘောဒီးယားလူမျိုးများကို ထည့်သွင်းတွက်ချက်ပါက ဦးရေ ၈၀၀,၀၀၀ ထိရှိနိုင်ကြောင်း၊ ကမ္ဘောဒီးယားလူမျိုးများအနေဖြင့် ၎င်းတို့နိုင်ငံတွင် အလုပ်မရှိနိုင်ဘဲ ထိုင်းတွင် အလုပ်လုပ်ကိုင်ခြင်းထက် လုပ်ခလစာနည်းနိုင်သောကြောင့် ၎င်းတို့နိုင်ငံသို့ပြန်မည်မဟုတ်ကြောင်း၊ တရားဝင်ကမ္ဘောဒီးယားနိုင်ငံသားများသည် ၁ နှစ်လျှင် ဘတ် ၄၄ ဘီလီယံထိ ၎င်းတို့မိသားစုများထံ ပြန်လည်လွှဲပို့ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံရှိ ညစ်ပတ်အန္တရာယ်ခက်ခဲသောအလုပ်များကို နိုင်ငံခြားသားများအား ငှားရမ်းပါကြောင်း၊ ဟွန်ဆန်အနေဖြင့် နိုင်ငံသားရေး၏ အကူ အညီဖြင့် နိုင်ငံရေးအမြတ်ထုတ်လိုခြင်းဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေးနှင့် စက်မှုအလုပ်ရှင်အသင်းချုပ် ဒုတိယဥက္ကဋ္ဌ Mr. Tanit Sorat က သုံးသပ်ပြောကြားခဲ့သည်။
နယ်စပ်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ချိန်အပြောင်းအလဲသည် နယ်စပ်ရှိ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကိုသက်ရောက်နိုင်သဖြင့် ကမ္ဘောဒီးယားရှိ ကုန်စည်ဈေးနှုန်းနှင့် နေထိုင်မှုကုန်ကျစရိတ်များကို ထိခိုက်နိုင်ပြီး ထိုင်းနိုင်ငံကို မထိခိုက်စေပါကြောင်း ထိုင်းစက်မှုအသင်းချုပ်ဥက္ကဋ္ဌ Mr. Krieng-krai Thiennukul က ဖြည့်စွက်သုံးသပ်ထားပါသည်။
ဟွန်ဆန်၏မှတ်ချက်သည် နှစ်နိုင်ငံပူးတွဲနယ်စပ်ကော်မရှင်အစည်းအဝေးထက်စောနေပြီး သိသာသောသက်ရောက်မှုမရှိပါကြောင်း၊ မိမိတို့အနေဖြင့် အစည်းအဝေးဆွေးနွေးချက်များကို စောင့်ကြည့်ရန်ဖြစ်ကြောင်း၊ ထိုင်းကုန်စည်များအပေါ် ပိတ်ဆို့မည့်တောင်းဆို ချက်သည် ထိုင်းစီးပွားရေးကို မသက်ရောက်ခြင်းမှာ ထိုင်းတင်သွင်းကုန်အများစုသည် မရှိမဖြစ်အရေးပါသော ကုန်စည်များဖြစ်ပြီး အစားမထိုးနိုင်ကြောင်း၊ ကမ္ဘောဒီးယားသည် တရုတ်၊ ဗီယက်နမ်နှင့် လာအိုတို့မှကုန်စည်များ တင်သွင်းနေသော်လည်း စားသုံးသူယုံကြည်မှု၊ ထောက်ပံ့ပို့ဆောင်ရေးစရိတ်လျော့နည်းမှုနှင့် ယှဉ်ပြိုင်စွမ်းအားမြင့်မားမှုတို့ကြောင့် ထိုင်းကုန်စည်များသည် ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကျော်ရရှိထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ချက်ချင်းသက်ရောက်မှုမရှိသော်လည်း ပိတ်ဆို့မှုကို အချိန်ကာလတိုးမြှင့်မည်ဆိုပါက ကမ္ဘောဒီးယား၌ ထိုင်းကုန်စည်များ၏ဈေးကွက်အချို့ပျောက်ဆုံးနိုင်ကြောင်း၊၂၀၂၄ ခုနှစ်က ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားသို့ နယ်စပ်ပို့ကုန်တန်ဖိုး ဘတ် ၁၄၁ ဘီလီယံအပါအဝင် ဘတ် ၄၀၀ ဘီလီယံ တင်ပို့ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏စုစုပေါင်းပို့ကုန်တန်ဖိုးသည် ဘတ် ၁၀ ထရီလီယံရှိသဖြင့် ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံအတွက် အဓိကပို့ကုန်ဈေးကွက်မဟုတ်ကြောင်း University of the Thai Chamber of Commerce (UTCC)ဥက္ကဋ္ဌ Mr. Thanavath Phonvichai က သုံးသပ်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)