India (Delhi)

အိန္ဒိယတွင် မိုးရာသီစိုက်ပျိုးဧရိယာ ဟက်တာ ၇၀၄ သိန်းအထိမြင့်တက်လာပြီး ပဲမျိုးစုံစိုက်ပျိုးဧရိယာတိုးလာသော်လည်း ဝါစိုက်ပျိုးမှုကျဆင်း

Last Updated:

ယခုနှစ် မိုးရာသီအတွင်း အိန္ဒိယနိုင်ငံ၏ စုစုပေါင်းစိုက်ပျိုးဧရိယာမှာ ဟက်တာ ၇၀၄ သိန်းကျော်သွားပြီဖြစ်ကြောင်း၊ ယင်းသည် ပြီးခဲ့သည့်ရာသီတွင် စိုက်ပျိုးခဲ့သည့် ဟက်တာ ၆၈၀.၃၆ သိန်းမှ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်ဟု စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများလူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်အလက်များတွင် အဓိက ဖော်ပြထားကြောင်း သိရှိရသည်။

ယင်းကိန်းဂဏန်းအချက်အလက်များအရ စပါးသီးနှံသည် ယခင်နှစ်က ဟက်တာ ၁၅၅.၆၅ သိန်းမှ ယခုနှစ်ရာသီတွင် ဟက်တာ ၁၆၆.၀၆ သိန်းအထိ တိုးမြှင့်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယင်းတိုးလာမှုသည် အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် စပါး၏ဆက်လက်ထင်ရှားမှုကို ပြသနေကြောင်း ဖော်ပြထားပါသည်။

ပဲမျိုးစုံစိုက်ပျိုးမှုသည်လည်း သိသိသာသာမြင့်တက်လာခဲ့ပြီး ယခုနှစ်တွင် ပဲမျိုးစုံဟက်တာ ၈၅.၇၉ သိန်းစိုက်ပျိုးထားကာ ယခင်ရာသီက စိုက်ပျိုးမှုဟက်တာ ၇၀.၁၄ သိန်းထက် သိသိသာသာတိုးလာခဲ့ကြောင်း၊ အဓိကပဲသီးနှံဖြစ်သည့် ပဲစဉ်းငုံစိုက်ပျိုးမှုသည် အထူးသိသာထင်ရှားစွာမြင့်တက်လာခဲ့ပြီး ယမန်နှစ်က ဟက်တာ ၁၉.၃၄ သိန်းသာစိုက်ပျိုးရာမှ ယခုနှစ်တွင် ဟက်တာ ၃၃.၄၈ သိန်းအထိတိုးမြှင့်စိုက်ပျိုးထားကြောင်း၊ ဤသည်မှာ စားနပ်ရိက္ခာဖူလုံရေး၊ သွင်းကုန်လျှော့ချရန်နှင့် ပြည်တွင်းဝယ်လိုအားကိုဖြည့်ဆည်းပေးရန်အတွက် ပဲစိုက်ပျိုးမှုအပေါ် အလေးထားမှုကြီးထွားလာမှုကို ထင်ဟပ်စေကြောင်း ဖော်ပြထားပါသည်။

ကိန်းဂဏန်းအချက်အလက်များအရ ဆီထွက်သီးနှံစိုက်ပျိုးမှုမှာလည်း မြင့်တက်လာပြီး ယခင်ရာသီက ဟက်တာ ၁၅၀.၉၁ သိန်းသာရှိရာမှ ယခုနှစ်တွင် ဟက်တာ ၁၆၃.၁၁ သိန်းအထိတိုးလာကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် ပဲပုပ်စိုက်ပျိုးမှုကျဆင်းလာသော်လည်း မြေပဲစိုက်ဧရိယာတိုးလာခဲ့ကြောင်း၊ ယင်းသို့သီးနှံများပြောင်းလဲစိုက်ပျိုးမှုသည် လယ်သမား၏ကြိုက်နှစ်သက်မှု (သို့မဟုတ်) စျေးကွက်အခြေအနေများက  သီးနှံရွေးချယ်မှုအပေါ် သက်ရောက်မှုရှိသည်ကို ညွှန်ပြနေကြောင်း ဖော်ပြထားပါသည်။

တစ်ချိန်တည်းတွင် ကြံစိုက်ဧရိယာမှာမူ တည်ငြိမ်လျက်ရှိကြောင်း၊ ယခုရာသီတွင် ကြံစိုက်ဧက ၅၇.၆၈ သိန်းစိုက်ပျိုးထားပြီး ယခင်နှစ် ကိန်းဂဏန်းများထက် အနည်းငယ်သာပြောင်းလဲမှုရှိကြောင်း၊ ဤတည်ငြိမ်မှုသည် ကြံအတွက် တည်ငြိမ်သောဝယ်လိုအားနှင့် တသမတ်တည်းထုတ်လုပ်နိုင်မှုအဆင့်ကို ညွှန်ပြနေကြောင်း ဖော်ပြထားသည်။

သို့ရာတွင် ဝါစိုက်ပျိုးမှုသည် ယခုရာသီတွင် လျော့နည်းသွားသည်ကိုတွေ့ရှိရကြောင်း၊ ယမန်နှစ်က ဟက်တာ ၁၀၅.၆၆ သိန်းစိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ ၁၀၂.၀၅ သိန်းသို့ လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။

ယေဘုယျအားဖြင့် ဝန်ကြီးဌာန၏ အချက်အလက်များသည် မိုးရာသီအတွင်း လယ်သမားများ၏ စိုက်ပျိုးရေးအလေ့အထနှင့် သီးနှံရွေးချယ်မှုအပြောင်းအလဲများကို အလေးထားဖော်ပြထားကြောင်း၊ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စိုက်ဧရိယာများတိုးလာခြင်းသည် အဆိုပါသီးနှံများအတွက် အပြုသဘောဆောင်သောအလားအလာကို ညွှန်ပြနေကြောင်းနှင့် ဝန်ကြီးဌာနမှဖော်ပြထားသည့် အချက်အလက်များသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့အထိဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံ၏ ယခုနှစ် မိုးရာသီစိုက်ပျိုးမှုတွင် မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသည့် ပဲတစ်မျိုးဖြစ်သည့် ပဲစဉ်းငုံအား သိသိသာသာတိုးမြှင့်စိုက်ပျိုးထားရှိပါသည်။

Source: Kharif crop sown area soars to over 704 lakh hectares, pulses area increases, cotton declines, The Economic Times, July 20, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)