၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေလာရောက်မှုမှာ ၃.၀၄ သန်း ရှိခဲ့ပြီး ၃ လဆက်တိုက်အဖြစ် ၃ သန်းကျော်ရှိခဲ့ကြောင်း၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၀.၁ ရာခိုင်နှုန်းများပြားခဲ့ကြောင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခဲ့မှုသည် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏သုံးစွဲနိုင်စွမ်းကို တွန်းအားဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။
တရုတ်နိုင်ငံ၏အားလပ်ရက်ကာလဖြစ်သည့်အတွက် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုများပြားခဲ့ခြင်းဖြစ်ကြောင်းနှင့် အရှေ့အာရှဒေသမှ သင်္ဘောနှင့်လေယာဉ်တို့ဖြင့် ခရီးသွားဧည့်သည်လာရောက်မှုမှာလည်း များပြားခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားအဖွဲ့၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ် မေလတွင် တောင်ကိုရီးယားနှင့်အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်မှ ခရီးသွားဧည့်သည်လာရောက်မှုမှာ စံချိန်တင်များပြားခဲ့ကြောင်း၊၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ၁၄.၆၄ သန်းရှိခဲ့ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်၊ မေလနှင့်နှိုင်းယှဉ်ပါက ၆.၅ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်အများဆုံးလာရောက်ခဲ့သည့်နိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံဖြစ်ပြီး ၇၃၈,၈၀၀ ဦး ရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၃.၃ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၂၂.၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်ဒုတိယအများဆုံးလာရောက်ခဲ့သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၅၄၅,၄၀၀ ဦးရှိခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄ ဆကျော်မြင့်တက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၂၇.၉ ရာခိုင်နှုန်းလျော့နည်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်တတိယအများဆုံးလာရောက်ခဲ့သည့်ဒေသမှာ ထိုင်ဝမ်ဖြစ်ပြီး ၄၆၆,၀၀၀ ဦးရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅၃.၆ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၉.၃ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်စတုတ္ထအများဆုံးလာရောက်ခဲ့သည့်နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး ၂၄၇,၀၀၀ ဦးရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၄.၇ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၅၇.၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါသတင်းတွင် လက်ရှိအတိုင်း နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှု ဆက်လက်များပြားနေမည်ဆိုပါက ၂၀၁၉ ခုနှစ်တွင် စံချိန်တင်လာရောက်ခဲ့သည့် ခရီးသွားဦးရေ ၃၁.၈၈ သန်းကို ကျော်လွန်နိုင်ကြောင်း Japan Tourism Agency Commissioner ဖြစ်သူ Ichiro Takshashi က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
Source: The Nikkei Asia (၁၉-၆-၂၀၂၄)
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)