USA

အမေရိကန် - ဂျပန်ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှု(Trade Deal)အပြီးသတ်ကြောင်း သမ္မတ ထရမ့်က ဆို

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-ဂျပန်ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှု(Trade Deal)အပြီးသတ်ကြောင်း ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင်ရေးသားဖော်ပြခဲ့ပါသည်။ ယင်းသို့ရေးသားဖော်ပြရာတွင် “ဂျပန် နိုင်ငံနှင့် ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှုအပြီးသတ်ကြောင်းနှင့် ယင်း Trade Deal သည် ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှုများတွင်အကြီးဆုံးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာဘီလီယံ(၅၅၀)အထိ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဖြစ်ပြီး ယင်းရင်းနှီး မြှုပ်နှံမှု၏အမြတ်(၉၀)ရာခိုင်နှုန်းကို အမေရိကန်ကရရှိမည်ဖြစ်ကြောင်း၊ဤသဘောတူညီချက်အရ အမေရိကန်နိုင်ငံအတွင်း အလုပ် အကိုင်အများအပြား ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံးအချက်တစ်ခုမှာ ဂျပန်နိုင်ငံက မော်တော်ယာဉ်နှင့် ကုန်တင်ကား၊ ဆန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားအမေရိကန်ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံသို့ အပြန်အလှန်သွင်းကုန်ခွန်(၁၅) ရာခိုင်နှုန်းပေးမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ဂျပန်နိုင်ငံနှင့်ပတ်သက်၍ ထပ်မံရေးသားဖော်ပြရာ၌ မည်သည့်အခါမှဖွင့်ပေးခဲ့ခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ဈေးကွက်သို့ အမေရိကန်နိုင်ငံ၏မော်တော်ယာဉ်များ၊ SUVs  အမျိုးအစားမော်တော်ယာဉ်များနှင့် ကုန်တင်ကားများအပြင် ဆန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပထမဆုံးအကြိမ်အဖြစ် ဈေးကွက်ဝင်ရောက်ခွင့်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ဈေးကွက်ဖွင့်ပေးခြင်းဖြင့် ဂျပန်နိုင်ငံ အတွက်လည်း အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ စစ်ဘက်နှင့် အခြားသုံးပစ္စည်းကိရိယာများကိုလည်း အမေရိကန်ထံမှ ဂျပန်က ဝယ်ယူမည်ဖြစ်ကြောင်းနှင့် ယင်းသို့ကုန်သွယ်ရေးအပေးအယူပြုလုပ်နိုင်ခြင်းသည် သွင်းကုန်ခွန်ချမှတ်ခြင်း၏အင်အား(Tariff power) ကြောင့်ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့ပါသည်။

ထို့အပြင် အမေရိကန်သမ္မတက ကုန်သွယ်ရေးညှိနှိုင်းမှုများနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ရေးသားဖော်ပြချက်တစ်ခုတွင် “ကုန်သွယ်ရေးဆွေးနွေးမည့်နိုင်ငံအနေဖြင့် ၎င်း၏ဈေးကွက်ကို ဖွင့်ပေးမှသာလျှင် အမေရိကန်နိုင်ငံက သွင်းကုန်ခွန်ကို လျှော့ချပေးမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပိုမိုမြင့်မားသည့် သွင်းကုန်ခွန်ချမှတ်မည်ဖြစ် ကြောင်း” ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA