ပနားမားအပင်ရောဂါပိုးမွှား(Panama Disease)ပျံ့နှံဖြစ်ပွားခဲ့သည့်ကြားမှ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့တတိယအများဆုံး ငှက်ပျောသီးတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါကြောင်း နိုင်ငံတကာအစီရင်ခံစာများအရ သိရှိရပါသည်။ ၂၀၂၄ခုနှစ်အတွင် ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးတင်ပို့မှုသည် မက်ထရစ်တန်ချိန် ၂.၃ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က တန်ချိန် ၂.၃၅ သန်းဖြစ်သည့်အတွက် နှိုင်းယှဉ်မည်ဆိုလျှင် ကျဆင်းခဲ့ပါကြောင်း၊ ထို့အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တတိယနေရာတွင် ၂ နှစ်ဆက်တိုက်ဆက်လက်တည်ရှိနေခြင်းဖြစ်ပါသည်။
Food and Agriculture Organization of the United Nations(FAO)မှ ဇန်နဝါရီလက ထုတ်ပြန်သည့် မပြင်ဆင်ရသေးသည့် အစီရင်ခံစာတွင် မူလက ကိုလံဘီယာနိုင်ငံသည် ငှက်ပျောသီးမက်ထရစ်တန်ချိန် ၂.၂၈၇ သန်းတင်ပို့ခဲ့ပြီး ကမ္ဘာ့အဆင့်တတိယနေရာတွင် ရှိခဲ့ပါသည်။ အီကွေဒေါနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ငှက်ပျောသီးတန်ချိန် ၆ သန်းတင်ပို့ခဲ့ပြီး ပထမအဆင့်နေရာတွင်ရှိနေပါကြောင်း၊ ကိုစတာရီကာနိုင်ငံသည့် တန်ချိန် ၂.၄ သန်းတင်ပို့ခဲ့ပြီး ဒုတိယအဆင့်တွင် ရပ်တည်လျက်ရှိပါကြောင်းဖော်ပြပါရှိပါသည်။ ဂွာတီမာလာ(Guatemala)နိုင်ငံမှ တန်ချိန် ၂.၂ သန်းတင်ပို့ခဲ့ပြီး ကိုလံ ဘီယာနိုင်ငံ၏ နောက်တွင် ရပ်တည်လျက်ရှိပါသည်။
FAO အစီရင်ခံစာပါဖော်ပြချက်အရ Banana Fusarium Wilt Tropical Race 4(TR4)ရောဂါပိုးမွှားသည် ဆက် လက်ပျံ့ပွားလျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၏ ငှက်ပျောသီးအထွက်နှုန်းကို ထိခိုက်စေနိုင်ပါကြောင်း၊ ထို့အတွက် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာရှနိုင်ငံများရှိ ငှက်ပျောသီးတင်ပို့ရောင်းချသူများကိုလည်း ထိခိုက်မှုများရှိနိုင်ပါကြောင်းဖော်ပြပါရှိပါသည်။ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ ငှက်ပျောသီးအဓိကစိုက်ပျိုးသည့်ဒေသများဖြစ်သည့် မင်ဒါနာအိုဒေသရှိ ငှက်ပျောစိုက်ပျိုးမြေဧရိယာ ၈၉,၀၀၀ ဟက်တာ၏ ၄၀% သည် အဆိုပါရောဂါပိုးမွှား၏ သက်ရောက်မှုများရှိနေနိုင်သေးကြောင်း ဖော်ပြထားပါသည်။
ထို့အတူ အာရှဈေးကွက်များဖြစ်သော တရုတ်နှင့် ဂျပန်တို့သည်လည်း ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးဝယ်ယူတင်သွင်းမှုကို လျှော့ချသွားနိုင်ခြေရှိကြောင်း FAO မှ ခန့်မှန်းတွက်ချက်ထားပါသည်။ ကိန်းဂဏန်း၊အချက်အလက်များအရ တရုတ်နိုင်ငံ၏ ဖိလစ်ပိုင်နိုင်ငံမှငှက်ပျောသီးတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် ၃၂% ထိကျဆင်းခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းငှက်ပျောသီးစိုက်ပျိုးထွက်ရှိမှုမြင့်မားလာခြင်း၊ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် တရုတ်ဈေးကွက်၏ ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးတင်သွင်းမှုအပေါ် စိတ်ပါဝင်စားမှုလျော့ကျလာခြင်းတို့ကြောင့်ဖြစ်ပါသည်။ အလားတူ ဂျပန်နိုင်ငံသည်လည်း ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးတင်သွင်းမှုသည် ၄ % ကျဆင်းခဲ့ပြီး ကမ္ဘောဒီးယား၊ အီကွေဒေါနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပိုမိုတင်သွင်းခဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)