Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီး Mrs. Suphajee Suthumpun သည် အမေရိကန်ဈေးကွက်အတွင်းသို့ ထိုင်းဆန်များတိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးခဲ့

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးသည် အမေရိကန်ရှိ အကြီးဆုံးထိုင်းဆန်တင်သွင်းသူ Otis McAllister Inc ၏အမှုဆောင်အရာရှိချုပ် Mr. Royce A. Nicolaisen နှင့်တွေ့ဆုံခဲ့ပြီး ထိုင်းဆန်ဈေးကွက်ဝေစုကို ချဲ့ထွင်ရန်၊ အခွင့်အလမ်းများရှာဖွေရန်နှင့် ထိုင်းကုန်ပစ္စည်းများအပေါ် အမေရိကန်၏အခွန်စည်းကြပ်မှုလျော့ပါးစေရန် မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဆွေးနွေးမှုများတွင် ထိုင်း Hom mali နှင့်အခြားသောအလားအလာရှိသော စပါးမျိုးများအပါအဝင် ထိုင်းဆန်အတွက် စျေးကွက်ချဲ့ထွင်ရန် အဓိကထားဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းတို့နှစ်ဦးသည် သွင်းကုန်နှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များအပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှုများအပေါ် သက်ရောက်မှုနှင့် ၎င်းတို့အား ဖြေရှင်းရန်အကြံပြုချက်များအပြင် အမေရိကန်ရှိ ထိုင်းကုန်ပစ္စည်းများ၏ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း ဆွေးနွေးခဲ့ကြပြီး ကုမ္ပဏီအား ထိုင်းအစိုးရက ကမ်းလှမ်းနိုင်သည့် စျေးကွက်ဝယ်လိုအားနှင့် ပံ့ပိုးကူညီမှုဆိုင်ရာ အချက်အလက်များကို မျှဝေခဲ့ကြကြောင်း၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ရန်နှင့် မြင့်မားလာစေရန် ထိုင်းဆန်အရသာပရိုဖိုင်များ၊ လက္ခဏာများနှင့် ဇာတ်လမ်းများဆိုင်ရာ အချက်အလက်များကို အသုံးချရန် ထိုင်းအစေ့အဆန်များ၏ ဝိသေသ လက္ခဏာများဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသည့် စင်တာတစ်ခုသည့် “Rice Hub” နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရာသီဥတုနှင့် ပထဝီဝင်နိုင်ငံရေး အကြောင်းရင်းများကြောင့် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများမြင့်တက်လာလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေရန်အတွက် စားနပ်ရိက္ခာဖူလုံရေးအချက်အချာအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ကုန်သွယ်မှုပမာဏတိုးမြင့်ရန်နှင့် နှစ်ဖက်စလုံးအတွက် စီးပွားရေးမိတ်ဖက်အသစ်များဖန်တီးရန် ရည်ရွယ်သည့် Exclusive Incoming Mission အောက်တွင် ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် အစောပိုင်းလများအတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် Mr Nicolaisen ကို ဖိတ်ကြားခဲ့ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် Otis McAllister သည် ထိုင်းဆန်တန်ချိန် ၁၁၈,၀၀၀ စံချိန်တင် တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၁ သန်းကျော်ရှိခဲ့ကြောင်း၊ ကုမ္ပဏီသည် အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် ကျယ်ပြန့်သော ဖြန့်ဖြူးရေးကွန်ရက်တစ်ခုရှိပါကြောင်း၊ ထို့အပြင် Otis McAllister သည် ထိုင်းငါးသေတ္တာများသည် သိသာထင်ရှားစွာကြီးထွားလာလျက်ရှိပြီး အခြားထိုင်းထုတ်ကုန်များဖြစ်သည့်နာနတ်သီးနှင့်အပူပိုင်းဒေသသစ်သီးခြောက် များ၀ယ်လိုအား မြင့်တက်လာပါကြောင်း၊ ကုမ္ပဏီသည် YouTube နှင့် TikTok တွင် နာမည်ကြီးစားဖိုမှူးများနှင့် ထိုင်းထမင်းဟင်းလျာများဖန်တီးခြင်းနှင့် Influencers များပါဝင်သည့် ထိုင်းဆန်များအတွက် အရောင်းမြှင့်တင်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ရန် စိတ်အားထက်သန်နေပါကြောင်း Mr Nicolaisen က ပြောကြားခဲ့သည်။

အမေရိကန်ရှိ ဟစ်စပန်းနစ်စားသုံးသူများသည် ကျန်းမာရေးနှင့်ညီညွတ်သော ထုတ်ကုန်များဆီသို့ မှီခိုနေကြသည်ဖြစ်ရာ ထိုင်းနိုင်ငံ၏ အားသာချက်များ၊ အထူးသဖြင့် ဆန်၊ သစ်ဥသစ်ဖုများနှင့် အရည်အသွေးမြင့်သန့်စင်ထားသော အစားအစာများနှင့်ကိုက်ညီပါကြောင်း၊ ယင်းအပြောင်းအရွှေ့သည် ထိုင်းနိုင်ငံအတွက် ဈေးကွက်အပိုင်းကိုချဲ့ထွင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း Mrs Suphajee မှ မှတ်ချက်ပြုပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand