Vietnam

ဗီယက်နမ်နိုင်ငံတွင် မွေးမြူရေးနှင့် တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာလုပ်ထုံးလုပ်နည်း ၉ ခုကိုပြည်နယ်/ တိုင်းဒေသကြီးအာဏာပိုင်များထံ လုပ်ပိုင်ခွင့်ခွဲဝေပေး

Last Updated:

စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မွေးမြူရေးနှင့်တိရစ္ဆာန် ဆေးကုသရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်း ၉ ခု၏လုပ်ပိုင်ခွင့်ကို ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြည်သူ့ကော်မတီဥက္ကဋ္ဌများထံ လွှဲပြောင်းပေးသည့် ဆုံးဖြတ်ချက်အမိန့်အမှတ် ၁၈၂၉/QĐ-BNNMT ကို ထုတ်ပြန်ထားပါသည်။

ဆုံးဖြတ်ချက်အရ ပြင်ဆင်လိုက်သော စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများသည် အဓိကအားဖြင့် တိရစ္ဆာန်မျိုးကွဲများ စီမံခန့်ခွဲခြင်း၊ တိရစ္ဆာန်ဆေးဝါးများနှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား ရောဂါပိုးမပါဝင်ကြောင်းစစ်ဆေးခြင်းတို့အပေါ် အလေးဂရုပြုထားပါသည်။ ၎င်းတို့တွင် သိပ္ပံနည်းကျသုတေသနပြုခြင်း၊ ပြပွဲများနှင့် ကြော်ငြာခြင်းလုပ်ငန်းများအတွက် ပြည်ပသို့ တင်ပို့ခွင့်ပိတ်ပင်ထားသည့် မွေးမြူရေးမျိုးရိုးဗီဇအရင်းအမြစ်များကို နိုင်ငံတကာနှင့် အပြန်အလှန်လဲလှယ်ခြင်းအား အတည်ပြုပေးသည့် လုပ်ထုံးလုပ်နည်းများ၊ ဗီယက်နမ်နိုင်ငံ၏ ရှားပါးပြီး တန်ဖိုးရှိသော မွေးမြူရေးမျိုးရိုးဗီဇအရင်းအမြစ်များကို တတိယအဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဆင့်အပြန်အလှန်လဲလှယ်ခြင်းအား အတည်ပြုပေးခြင်း၊ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးစက်ရုံများအတွက် ကောင်းမွန် သောထုတ်လုပ်မှုကျင့်စဉ်(GMP)လက်မှတ်များထုတ်ပေးခြင်း၊ GMP လက်မှတ်သက်တမ်းတိုးပေးခြင်းနှင့် မှတ်ပုံ တင်ထားသောအဖွဲ့အစည်းနှင့် သက်ဆိုင်သည့်အချက်အလက်များလွဲမှားခြင်း သို့မဟုတ် ပြောင်းလဲခြင်းရှိခဲ့ပါက GMP လက်မှတ်များကို ပြန်လည်ထုတ်ပေးခြင်း စသည့်လုပ်ထုံးလုပ်နည်းများပါဝင်ပါသည်။

တိရစ္ဆာန်ဆေးဝါးထုတ်လုပ်မှုအတွက် GMP လက်မှတ်သက်တမ်းတိုးပေးသည့် လုပ်ထုံးလုပ်နည်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြည်သူ့ကော်မတီဥက္ကဋ္ဌများထံ လုပ်ပိုင်ခွင့်လွှဲအပ်ပေးသွားမည်ဖြစ်ပါသည်။

ထို့အပြင် ယခုဆုံးဖြတ်ချက်တွင် ရေနေသတ္တဝါရောဂါနမူနာများကို စစ်ဆေးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများလည်းပါဝင်သည်။ ၎င်းတို့တွင် ခရီးသည်များကိုယ်တိုင်သယ်ဆောင်လာသော သို့မဟုတ် ချောပို့စနစ်ဖြင့် ပေးပို့သောပြည်ပပို့ကုန် ရေနေသတ္တဝါများနှင့် သတ္တဝါထွက်ပစ္စည်းများအတွက် ရောဂါပိုးမပါဝင်ကြောင်း စစ်ဆေးချက်လက်မှတ်များ၊ ရေနေသတ္တဝါရောဂါနမူနာများ သယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုမိန့်နှင့် မှတ်ပုံတင်ခြင်းများအပြင် အရောင်းပြပွဲများ၊ ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် အနုပညာပြဖျော်ဖြေပွဲများတွင် ပါဝင်မည့် ကုန်းနေသတ္တဝါများနှင့် သတ္တဝါထွက်ပစ္စည်းများအတွက် ရောဂါပိုးမပါဝင်ကြောင်း စစ်ဆေးမှတ်ပုံတင်ခြင်းနှင့်လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများပါဝင်ပါသည်။

အဆိုပါဆုံးဖြတ်ချက်အရ ဤလုပ်ထုံးလုပ်နည်းအားလုံးကို ကိုင်တွယ်ဖြေရှင်းမည့် လုပ်ပိုင်ခွင့်အာဏာကို စိုက်ပျိုး ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြည်သူ့ကော်မတီဥက္ကဋ္ဌများထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ ယခုကဲ့သို့ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကြောင့် လုပ်ငန်းစဉ်ကြာမြင့်ချိန်ကို တိုတောင်းစေပြီး၊ ဒေသန္တရအာဏာပိုင်များ၏ တက်ကြွစွာဦးဆောင်လုပ်ကိုင်နိုင်မှုကိုမြှင့်တင်ပေးနိုင်မည့်အပြင် ဗဟိုအေဂျင်စီများ၏ လုပ်ငန်းဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။

ဆုံးဖြတ်ချက်အမိန့်အမှတ် ၁၈၂၉/QĐ-BNNMT သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ၂၀၂၇ ခုနှစ် ဖေဖော် ဝါရီလ ၂၈ ရက်နေ့အထိအာဏာတည်မည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် မွေးမြူရေးနှင့် တိရစ္ဆာန် ဆေးကုသရေးကဏ္ဍရှိ စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းစနစ်တညီတညွတ်တည်းဖြစ်စေရန်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်အမှတ် ၂၇၇/QĐ-BNNMT၊ ၂၂၂/QĐ-BNNMT၊ ၁၀၆/QĐ-BNNMT နှင့် ၃၁၈/QĐ-BNNMT အပါအဝင် ဆုံးဖြတ်ချက်အချို့ကို ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

ဆုံးဖြတ်ချက်အမိန့်အမှတ် ၁၈၂၉/QĐ-BNNMT အောက်တွင် ကြေညာထားသောစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများသည် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနယ်ပယ်အတွင်း စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များကို လျှော့ချခြင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် ရိုးရှင်းအောင်ပြုလုပ်ခြင်းဆိုင်ရာ အစိုးရ၏ဆုံးဖြတ်ချက်အမိန့်အမှတ် ၆၆.၁၉/၂၀၂၆/NQ-CP နှင့် ကိုက်ညီမှုရှိနေပါသည်။

Source:         https://en.mae.gov.vn/new--events/delegating-9-livestock-and-veterinary-            procedures-to-provincial-authorities-9372.htm    

(သန္တာစိုးရီ၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam