Russia

ရုရှားနိုင်ငံသည် ဓာတ်ဆီနှင့် ဒီဇယ်ဆီတင်ပို့မှုအပေါ် ကန့်သတ်ချက်များချမှတ်ခဲ့

Last Updated:

ရုရှားအစိုးရသည် ဓာတ်ဆီနှင့် ဒီဇယ်ဆီတင်ပို့မှုကို စက်တင်ဘာလ ၂၁ ရက်မှစတင်၍ ယာယီကန့်သတ်လိုက်ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်သည် ပြည်တွင်းဈေးကွက်တွင် စက်သုံးဆီဈေးနှုန်းတည်ငြိမ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် Mr. Mikhail Mishustin က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရအမိန့်အရ ကန့်သတ်ချက်များသည် ယာယီဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်တွင် “တရားဝင်ထုတ်ပြန်သည့်နေ့”မှစတင်သော်လည်း ကန့်သတ်ချက်များ၏ သက်တမ်းကုန်ဆုံးရက်ကို စာရွက်စာတမ်းတွင် မဖော်ပြထားပေ။

အဆိုပါကန့်သတ်ချက်သည် ရုရှားနိုင်ငံမှ EAEU အဖွဲ့ဝင်နိုင်ငံများသို့ အစိုးရအချင်းချင်းသဘောတူညီချက်များအရ လောင်စာဆီတင်ပို့ခြင်း၊ အစိုးရ၏ဆုံးဖြတ်ချက်အရ လူသားချင်းစာနာထောက်ထားမှု အကူအညီ၏ အစိတ် အပိုင်းအဖြစ် လောင်စာဆီဖြတ်သန်းပို့ဆောင်ခြင်း၊ နိုင်ငံပြင်ပရှိ ရုရှားတပ်မတော်ကို ထောက်ပံ့ခြင်းတို့နှင့် မသက်ဆိုင်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးများအဖွဲ့၏အဆိုအရ ယာယီကန့်သတ်ချက်များသည် လောင်စာဆီဈေးကွက်ကို အထောက်အကူပြုမည်ဖြစ်ပြီး စားသုံးသူများအတွက် ဈေးနှုန်းများကျဆင်းစေမည်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီလများအတွင်း ဓာတ်ဆီနှင့် ဒီဇယ်ဆီစျေးနှုန်းများသည် စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ယခုသီတင်းပတ်တွင် စတင်ကျဆင်းလာခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်အထိ ရုရှားနိုင်ငံရှိ ဓာတ်ဆီဈေးနှုန်းများသည် ၄ ရာခိုင်နှုန်းမှ ၅.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ဒီဇယ်ဆီစျေးနှုန်းများသည် ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

ရုရှားနိုင်ငံမှ ဓာတ်ဆီနှင့်ဒီဇယ်ဆီတင်ပို့မှုပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာ့လောင်စာဆီဈေးများ မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများမှ သုံးသပ်လျက်ရှိပြီး ကမ္ဘာ့ဆီဈေးမြင့်တက်လာပါက မြန်မာ နိုင်ငံအပေါ်ကိုလည်း ရိုက်ခတ်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

Source : https://tass.com/economy/1678431

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia