Russia

ရုရှားနိုင်ငံမှ ဓါတ်မြေဩဇာတင်ပို့မှုအခွန်နှုန်းမှာ ၇ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းထိတိုးလာနိုင်

Last Updated:

ဒေါ်လာလဲလှယ်နှုန်း ၈၀ ရူဘယ်နှင့်အထက် ဆက်လက်ရှိနေမည်ဆိုပါက ရုရှားနိုင်ငံမှ ဓါတ်မြေဩဇာတင်ပို့မှုအခွန်နှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ဒေါ်လာလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ရူဘယ် ၈၀ နှုန်းအောက်ရောက်ရှိပါက အခွန်နှုန်းမှာ ၇ ရာခိုင်နှုန်းသာထားရှိမည်ဖြစ်ပြီး ရူဘယ် ၈၀ နှုန်းအထက်ရောက်ရှိပါက ၁၀ ရာခိုင်နှုန်းတိုးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ဓါတ်မြေဩဇာအခွန်နှုန်း၏ အနိမ့်ဆုံးနှုန်းထားမှာ နိုက်ထရိုဂျင်တစ်တန်လျှင် ရူဘယ် ၁၁၀၀(၁၁.၄ ဒေါ်လာ)၊ ဖော့စဖောရက်တစ်တန်လျှင် ၂၁၀၀(၂၁.၈ ဒေါ်လာ)နှင့် ပိုတက်တစ်တန်လျှင် ၁၈၀၀(၁၈.၇ ဒေါ်လာ) ဖြစ်ကြောင်း၊ အခွန်နှုန်းအား ယခင်လ၏ ၂၅ ရက်နေ့ ဒေါ်လာလဲလှယ်နှုန်းအပေါ်အခြေခံ၍ တွက်ချက်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရုရှားအစိုးရအနေဖြင့် တစ်တန်လျှင်ဒေါ်လာ ၄၅၀ ထက်တန်ဖိုးပိုများသော သဘာဝဓါတ်မြေဩဇာများအား ပြည်ပသို့တင်ပို့ပါက အခွန်ပေးဆောင်ရန် သတ်မှတ်ခဲ့ပြီး၊ ဒေါ်လာ ၄၅၀ အောက်ဓါတ်မြေဩဇာများအတွက် အခွန်သတ်မှတ်ခြင်းမရှိခဲ့ကြောင်း၊ သို့သော်လည်း ယခုနှစ် ရုရှားအစိုးရဘတ်ဂျက်သည် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုအခွန်နှုန်းမှ ၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည့်အတွက် အစိုးရအနေဖြင့် အစီအစဉ်သစ်များ ထပ်မံရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဓါတ်မြေဩဇာအမျိုးအစားအလိုက် အခွန်နှုန်းအား အနည်းဆုံး ၇ ရာခိုင်နှုန်းမှ စတင်ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။

ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်ကိုကာကွယ်ရန်အတွက် ကုန်စည်အချို့အပေါ် လိုက်လျောညီထွေရှိသော ပို့ကုန်ခွန်များကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သတ်မှတ်ထားပြီး ၎င်းကုန်စည်များအနက် ဓာတ်မြေသြဇာလည်းအပါအဝင်ဖြစ်ကာ ဒေါ်လာငွေလဲလှယ်နှုန်းအပေါ်မူတည်၍ ဓာတ်မြေသြဇာပို့ကုန်ခွန်များ တိုးမြင့်မည်ဖြစ်သဖြင့် ရုရှားနိုင်ငံမှ တင်ပို့သော ဓာတ်မြေသြဇာများ၏ ဈေးနှုန်းများသည် မြင့်တက်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

Source : https://tass.com/economy/1678673

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia