ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၁၀ လအတွင်း ကော်ဖီတန်ချိန် ၁.၃ သန်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၄၁ ဘီလီယံရရှိခဲ့သည်။
ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း(Vicofa)၏အဆိုအရ ၂၀၂၅ ခုနှစ် ဗီယက်နမ်ကော်ဖီတင်ပို့မှုမှ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်နိုင်ဖွယ်ရှိပြီး ၂၀၃၀ ရည်မှန်းချက်ထက် မြန်ဆန်သော တိုးတက်မှုဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါအသင်း၏ခန့်မှန်းချက်သည် အဓိကအချက် ၃ ချက်အပေါ် အခြေခံထားကြောင်း ဗီယက်နမ်သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။ ၎င်းတို့မှာ ထုတ်ကုန်အရည်အသွေးတိုးတက်လာခြင်း၊ နက်ရှိုင်းစွာ ပြုပြင်ထားသော ထုတ်ကုန်များ၏ အချိုးအစားမြင့်တက်လာခြင်းနှင့် ရေရှည်မဟာစီမံကိန်းပေါ် အခြေခံ၍ ဈေးကွက်ချဲ့ထွင်လာခြင်းတို့ကြောင့်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၁၀ လအတွင်း ကော်ဖီတန်ချိန် ၁.၃ သန်းတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံရရှိခဲ့သည်။ ယခင်နှစ်ထက် ၆၁.၈ ရာခိုင်နှုန်းမြင့်တက်လာကာ အမြင့်ဆုံးနှစ်စဉ်တန်ဖိုးတိုးတက်မှုဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရပါသည်။
ပျမ်းမျှပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၅၃ အထိရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၄၂.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ဈေးကွက်အများအပြားတွင် ကောင်းမွန်သောတိုးတက်မှုများရှိခဲ့ပြီး အထူးသဖြင့် မက္ကဆီကိုနိုင်ငံသည် ပို့ကုန်တန်ဖိုး ၃၄.၇ ဆမြင့်တက်ခဲ့ကြောင်းဖော်ပြထားသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)