Japan

ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၂၀ ကျော်ရှိခဲ့

Last Updated:

ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ကိုဗစ်-၁၉ မဖြစ်ပွားမီကာလဖြစ်သည့် ၂၀၁၉ ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ်အဖြစ် သန်း ၂၀ ကျော်ရှိခဲ့ကြောင်း သတင်းစာတွင် “Foreign visitors to Japan exceed 20 million for first time in 4 years” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလတွင် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည် ၂.၄၄ သန်းလာရောက်ခဲ့ပြီး ၆ လဆက်တိုက် ၂ သန်းအထက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်ခဲ့မှုစုစုပေါင်းမှာ ၂၂.၃၃ သန်းကျော်ရှိခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်နိုင်ငံသို့ အများဆုံးလာရောက်ခဲ့သည့် နိုင်ငံနှင့်ဒေသများမှာ တောင်ကိုရီးယား(၆၄၉,၉၀၀)၊ ထိုင်ဝမ်(၄၀၃,၅၀၀)၊ တရုတ်(၂၅၈,၃၀၀)၊ ဟောင်ကောင်(၂၀၀,၄၀၀)တို့ ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ခရီးသွားဧည့်သည်လာရောက်ခဲ့ရာတွင် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အမေရိကန်နှင့် ဩစတြေးလျအပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၁၃ ခုမှ လာရောက်ခဲ့မှုမှာ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အများဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်းသည် အာရှ၊ ဥပရောပနှင့် မြောက်အမေရိကစသည့်ဒေသများမှ ခရီးသွားဧည့်သည်များကို ပိုမို၍ ဆွဲဆောင်စေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်းစသည့် အာဆီယံနိုင်ငံ ၅ နိုင်ငံအပါအဝင် နိုင်ငံ/ဒေသပါင်း ၇၀ နိုင်ငံမှ ခရီးသွားဧည့်သည်များအား ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ပြုထားပြီးဖြစ်ပါသည်။ ဂျပန်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍအား နိုင်ငံအတွက် မဟာဗျူဟာကျသည့်ကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ကာ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားလာမှုပုံစံအသစ်များဖန်တီးပေးခြင်း၊ ဝန်ဆောင်မှုအသစ်များဖန်တီးပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍပြန်လည်ကောင်းမွန်လာကာ နိုင်ငံ့စီးပွားရေးကို ယန်း ၅ ထရီလီယံတိုးတက်လာရန် ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒက မျှော်မှန်းဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ လက်ရှိတွင် ဂျပန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုမြင့်တက်လျက်ရှိပြီး ယန်းငွေတန်ဖိုးကျဆင်းမှုသည် ခရီးသွားဧည့်သည်များလာရောက်မှုကို တိုးတက်စေပြီး ကမ္ဘာ့စီးပွားရေးစတုတ္ထအင်အားအကြီးဆုံးနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း တွေ့ရှိရပါသည်။

Source: NHK World Japan (၂၀-၁၂-၂၀၂၃)                                                               

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan