India (Kolkata)

အင်ဒိုနီးရှားနိုင်ငံက အိန္ဒိယနိုင်ငံမှ တရားမဝင်မြေပဲတင်သွင်းမှုများကို အရေးယူနှိမ်နင်း

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များအား တရားမဝင်မှောင်ခိုတင်သွင်းမှုကို အကြီးစားနှိမ်နင်းမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး Tanjung Balai Karimun ဆိပ်ကမ်းတွင် အနည်းဆုံးသင်္ဘော ၁၀ စီးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါဖမ်းဆီးရမိသော ကုန်စည်များတွင် ဆန်တန်ချိန် ၁ ဒသမ ၄၅ သန်း၊ သကြားနှင့် ဟင်းခတ်အမွှေးအကြိုင်အမြောက်အမြားနှင့် မြေပဲတန်ချိန် ၁,၇၀၀ ခန့်ပါဝင်ကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံမှ တင်ပို့သူများသည် ကုန်သွယ်မှုကန့်သတ်ချက်များကို ရှောင်လွှဲလျက်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့အရေးယူနှိမ်နင်းမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းသိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံမှ မြေပဲတင်သွင်းမှုကို မှိုဆိပ်(Aflatoxin)ပါဝင်မှုနှုန်းမြင့်မားခြင်းကြောင့် ယခင်က ဆိုင်းငံ့ထားခဲ့ပြီး နောက်ပိုင်းတွင် တစ်သန်းပုံ ၁၅ ပုံ(15 PPB) ဟူသော တင်းကျပ်သည့်ကန့်သတ်ချက်ဖြင့်သာပြန်လည်တင်သွင်းခွင့်ပြုခဲ့ကြောင်းနှင့် အိန္ဒိယတင်ပို့သူများသည် ရာသီမဟုတ်ဘဲမိုးရွာသွန်းမှုကြောင့် သီးနှံများပျက်စီးခဲ့ရသဖြင့် အဆိုပါစံနှုန်းများကို လိုက်နာရန် ခက်ခဲလာသောကြောင့် တရားမဝင်လမ်းကြောင်းများကို ပြောင်းလဲအသုံးပြုခဲ့ကြကြောင်း သိရသည်။

မှောင်ခိုတင်သွင်းသူများသည် မလေးရှားနိုင်ငံရှိ ကလန်းဆိပ်ကမ်း(Port Klang)မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ၏ ဒူမိုင်းဆိပ်ကမ်း (Dumai port)သို့ ကုန်တင်တွဲသင်္ဘော(Barge)များအသုံးပြု၍ ပို့ဆောင်နေကြကြောင်းသိရသည်။ ကုန်သွယ်မှုဆိုင်ရာအချက် အလက်များအရ အင်ဒိုနီးရှားနိုင်ငံသို့မြေပဲတင်ပို့မှုသိသိသာသာကျဆင်းသွားသော်လည်း မလေးရှားနိုင်ငံသို့ တင်ပို့မှုမှာမူ ၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် တန်ချိန် ၆,၀၀၀ မှ တန်ချိန် ၁၅,၈၀၀ အထိမြင့်တက်လာခဲ့ကြောင်းတွေ့ရှိရသည်။နိုဝင်ဘာလတစ်လတည်းတွင်ပင် တရားဝင်လမ်းကြောင်းမှ ကွန်တိန်နာ ၈၀ သာဝင်ရောက်ခဲ့သော်လည်း တရားမဝင်လမ်းကြောင်းမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ ကွန်တိန်နာ ၈၂၅ လုံးဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

ယခုကဲ့သို့တရားမဝင်ကုန်စည်များအလုံးအရင်းဖြင့်ဝင်ရောက်လာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းကုန်စည်ဈေးနှုန်းများကျဆင်းသွားခဲ့ကြောင်းသိရသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်း၏ပို့ကုန်များကို အားသာချက်ရရှိစေရန်အတွက် အိန္ဒိယနိုင်ငံ၏ ထွက်ကုန်များအပေါ် အရည်အသွေးဆိုင်ရာစံနှုန်းများကို တင်းကျပ်ရန် အာဆီယံနိုင်ငံများအား ဖိအားပေးနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် အခြေအနေမှာ ပိုမိုရှုပ်ထွေးလာကြောင်းနှင့် အဆိုပါအကြောင်းအရင်းကြောင့် ထိုင်းနိုင်ငံသည်လည်း အိန္ဒိယမြေပဲတင်သွင်းမှုကို ဆိုင်းငံ့ထားခဲ့ကြောင်းသိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ပုံမှန်အားဖြင့် အိန္ဒိယနိုင်ငံ၏မြေပဲတင်ပို့မှု စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကျော်ရှိသော ဈေးကွက်တစ်ခုဖြစ်သဖြင့် ယခုအခြေအနေသည် စီးပွားရေးအရကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။

Source:    The Hindu Businessline, Indonesia cracks down on illegal Indian groundnut imports, January 20, 2026.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)

Category: India (Kolkata)