India (Kolkata)

အိန္ဒိယနိုင်ငံတွင် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များအရ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များထုတ်ပေးမှု တိုးတက်လာ

Last Updated:

အိန္ဒိယနိုင်ငံတွင် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များအရထုတ်ပေးခဲ့သော ဦးစားပေးအကောက်ခွန်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အရေအတွက်သည် ၂၀၂၃-၂၄ ဘဏ္ဍာ နှစ်တွင် ၆,၈၄,၇၂၄ စောင်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၇,၂၀,၉၉၆ စောင်အထိ ပုံမှန်တိုးတက်လာနေကြောင်း အစိုးရ၏အချက်အလက်များအရသိရပြီး၊ အိန္ဒိယနိုင်ငံမှ တင်ပို့သူများအနေဖြင့် အဆိုပါ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်များကို ပိုမိုအသုံးပြုလာကြသည်ကို တွေ့ရှိရကြောင်း Economic Times က ယခုလ ၁၆ ရက်နေ့တွင် ဖော်ပြသည်။

အိန္ဒိယစီးပွားရေးဝန်ကြီး Sunil Barthwal က အိန္ဒိယနိုင်ငံ၏ကုန်သွယ်မှုသည် ဦးစားပေးဆိုင်ရာ လမ်းကြောင်းအောက်မှ တိုးတက်လျက်ရှိကြောင်းပြောကြားခဲ့သည်။ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တစ်ခုတွင် နိုင်ငံနှစ်ခုသည် ၎င်းတို့အကြား ကုန် သွယ်မှုပြုသည့် ကုန်ပစ္စည်းအများဆုံးအပေါ် အခွန်များကို သိသိသာသာလျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်းပြုလုပ်ကြကြောင်း သိရသည်။

ယနေ့အချိန်ထိ အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံနှင့် ဩစတေးလျနိုင်ငံအပါအဝင် ကုန်သွယ်ဖက်နိုင်ငံများနှင့်ယင်းကဲ့သို့သောသဘောတူညီချက် ၁၂ ခု ကျော်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း သိရသည်။

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်သည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုထားသည့် နိုင်ငံများသို့ တင်ပို့မှုများအတွက် လိုအပ်သောအဓိကစာရွက်စာတမ်းတစ်ခုဖြစ်သည်။ တင်ပို့သူတစ်ဦးသည် အဆိုပါလက်မှတ်ကို တင်သွင်းသည့်နိုင်ငံ၏ ဆိပ်ကမ်းတွင် တင်ပြရကြောင်း သိရသည်။ ၎င်းသည် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များအရ အကောက်ခွန်သက်သာခွင့်များကို တောင်းဆိုရန် အရေးကြီးသည့် စာရွက်စာတမ်းတစ်ခုဖြစ်ပြီး၊ ကုန်ပစ္စည်းများ မည်သည့်နေရာမှ လာသည်ကို သက်သေပြရန် မရှိမဖြစ်လိုအပ်သော အထောက်အထားတစ်ခုလည်းဖြစ်သည်။

"တစ်စုံတစ်ဦးက ဤလက်မှတ်များကိုရယူနေသည်ဆိုပါက ၎င်းတို့သည် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အရ ရသင့်ရထိုက်သောဦးစားပေးအခွန်ကို အသုံးပြုနေခြင်းဖြစ်သည်" ဟု စီးပွားရေးဝန်ကြီး Barthwal က ပြောကြားခဲ့သည်။ အဆိုပါသဘော တူညီချက်များအရ အကောက်ခွန်သက်သာခွင့်များရယူခြင်းဖြင့် အိန္ဒိယတင်ပို့သူများ၏ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် လက်ရှိဘဏ္ဍာနှစ်၏ ဧပြီလမှ မေလအတွင်း ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ၁,၃၂,၁၁၆ စောင်ထုတ်ပေးခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် ၁,၂၀,၅၉၈ စောင်ထုတ်ပေးခဲ့ကြောင်း အချက်အလက်များအရ သိရှိရသည်။

Source: Economic Times, Issuance of preferential certificates under FTAs rises, signals higher trade pact use by exporters, June 16, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)