အိန္ဒိယဗဟိုအစိုးရသည် ဘဏ္ဍာနှစ်တစ်ခုလျှင် ဆေးဘက်ဆိုင်ရာသုံးအဆင့်သကြား(Pharma grade sugar)တန်ချိန် ၂၅,၀၀၀ ပြည်ပသို့ တင်ပို့ရန်ခွင့်ပြုခဲ့သည်။ အဆိုပါခွင့်ပြုချက်သည် စိစစ်ပြီးသော ဆေးဝါးတင်ပို့သူများအတွက်သာ အကျုံးဝင်မည်ဖြစ် ကြောင်း တရားဝင်သတင်းရင်းမြစ်များအရ သိရသည်ဟု Zeebiz သတင်းဌာနက ယခုလ ၁၈ ရက်က ဖော်ပြသည်။
အဆိုပါခွင့်ပြုချက်ရရှိရန် တင်ပို့သူများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်လိုင်စင်ထုတ်ပေးရေးအာဏာပိုင်အဖွဲ့မှ ထုတ်ပေးသော တရားဝင်ဆေးဝါးထုတ်လုပ်မှုလိုင်စင်ကို မဖြစ်မနေတင်ပြရန်လိုအပ်ကြောင်းသိရသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် ဆေးဘက်ဆိုင် ရာသုံးအဆင့်သကြားဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီကြောင်း အိန္ဒိယအမျိုးသားအသိအမှတ်ပြုဘုတ်အဖွဲ့(NABL)မှ အသိ အမှတ်ပြုထားသော ဓာတ်ခွဲခန်းများမှ စမ်းသပ်စစ်ဆေးမှုအစီရင်ခံစာများနှင့် လက်မှတ်များကိုလည်း တင်ပြရန်လိုအပ်ကြောင်း သိရသည်။
Sucrose IP ဟုလည်းခေါ်ဆိုကြသည့် အဆိုပါဆေးဘက်ဆိုင်ရာသုံးအဆင့် သကြားသည် အလွန်သန့်စင်ပြီး စစ်ထုတ်ယူထားသော အထူးအဆင့်သကြားတစ်မျိုးဖြစ်ကြောင်း၊ ၎င်းသကြားအမျိုးအစားကို ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာ အသုံးချမှုများတွင် အသုံးပြုကြောင်း၊ ထို့ကြောင့် မြင့်မားသောစံချိန်စံညွှန်းများနှင့် သန့်ရှင်းမှုရှိစေရန်ရည်ရွယ်သည့် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်လုပ်ငန်းစဉ်ကို ဖြတ်သန်းရကြောင်း သိရသည်။
အဆိုပါဆေးဘက်ဆိုင်ရာသုံးအဆင့် သကြားကို ဆေးဝါးများ၊ သောက်ဆေးရည်များ၊ ဆေးရည်များနှင့် အခြားဆေးဘက်ဆိုင်ရာ တွက်ချက်ရောစပ်မှုများ ထုတ်လုပ်ရာတွင် အသုံးပြုကြောင်းသိရသည်။ ယင်းသို့မြင့်မားသော စံချိန်စံညွှန်းများလိုအပ်ခြင်းမှာ အသုံး ပြုသည့် နောက်ဆုံးထုတ်ကုန်များတွင် ညစ်ညမ်းမှုဖြစ်နိုင်ခြေမရှိမှု သေချာစေရန်ဖြစ်ကြောင်း သိရသည်။
ဆေးဘက်ဆိုင်ရာသုံးအဆင့်သကြား၏ ထူးခြားသောအချက်မှာ ၎င်းသည် အချိုဓာတ်ပေးပစ္စည်းများ(Sweetener)အနက် ဆာလဖာဓါတ်မပါဝင်သည့် တစ်ခုတည်းသောအမျိုးအစားဖြစ်ကြောင်း သိရသည်။
Source: Zeebiz, Centre gives nod to export of 25,000 tonnes pharma grade sugar, June 18, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)