India (Kolkata)

အိန္ဒိယနိုင်ငံ၏ပင်လယ်စာတင်ပို့မှုကဏ္ဍသည် ၂၀၂၆ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု ပင်လယ်နို့တိုက် သတ္တဝါကာကွယ်ရေးအက်ဥပဒေ(US Marine Mammal Protection Act-MMPA, 2026)ကြောင့် စိန်ခေါ်မှုအသစ်တစ်ရပ်နှင့် ရင်ဆိုင်နေရ

Last Updated:

အိန္ဒိယနိုင်ငံ၏ပင်လယ်စာတင်ပို့မှုကဏ္ဍသည် ၂၀၂၆ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုပင်လယ်နို့တိုက်သတ္တဝါကာကွယ်ရေးအက်ဥပဒေ(US Marine Mammal Protection Act-MMPA,2026)ကြောင့် စိန်ခေါ်မှုအသစ်တစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၄ ရက်က ဖော်ပြသည်။

၎င်းအနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် စတင်အသက်ဝင်ခဲ့သော အမေရိကန်ပြည်ထောင်စု၏ လိပ်ဖယ်ထုတ်ကိရိယာများ(TEDs)မပါဘဲ ဖမ်းဆီးထားသောပုစွန်များ တင်ပို့ခွင့်ဆိုင်ရာတားမြစ်ချက်ကြောင့် ယခုအခါ ရုန်းကန်နေရကြောင်း၊ အဆိုပါတားမြစ်ချက်ကြောင့် အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုတွင် အဓိကပံ့ပိုးပေးသည့် ပုစွန်လုပ်ငန်းကို သိသိသာသာထိခိုက်စေခဲ့ကြောင်း သိရသည်။

အဆိုပါ MMPA သည် လင်းပိုင်နှင့် ဝေလငါးများကဲ့သို့ ရေနေနို့တိုက်သတ္တဝါများကို ငါးဖမ်းပိုက်များတွင် မဖမ်းမိစေရန် တင်းကျပ်သောစံနှုန်းများကို တောင်းဆိုထားသည်။ ပုစွန်တင်ပို့မှုပိတ်ပင်လိုက်သည့်အတွက် ရုန်းကန်နေရသော အိန္ဒိယငါးဖမ်းသမားများအနေဖြင့် ယခုအချက်ကြောင့် စိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရသည်။ ၎င်းတို့သည် စီးပွားရေးကျပ်တည်းမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အနှောင့်အယှက်များကို ထပ်မံဖြစ်ပေါ်လာကာ အလုပ်အကိုင်ဆုံးရှုံးမှုနှင့် အသက်မွေးဝမ်းကျောင်းမှု ကျဆင်းစေမည့်အလားအလာများကို စိုးရိမ်လျက်ရှိကြသည်။

အိန္ဒိယအစိုးရက TEDs များ တပ်ဆင်နိုင်ရန် လုပ်ဆောင်နေချိန်တွင် ပညာရှင်များက MMPA ၏ အကျိုးသက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာလျက်ရှိကြသည်။  ပင်လယ်စာတင်ပို့ရောင်းချသူများအနေဖြင့် TED တပ်ဆင်လိုက်ခြင်းကြောင့် MMPA ၏ အချို့သောစိုးရိမ်မကင်းဖြစ်မှုများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်သော်လည်း နောက်ထပ်လိုအပ်ချက်များရှိလာနိုင်သည့်အတွက် အဆိုပါအက်ဥပဒေကို လေ့လာလျက်ရှိကြသည်။ ဥပဒေပါစည်းမျဉ်းအသစ်များကို လိုက်လံအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် ကုန်ကျလာမည့် ကုန်ကျစရိတ်များအတွက်လည်း ၎င်းတို့က စိုးရိမ်လျက်ရှိကြသည်။

စိန်ခေါ်မှုရှိနေသော်လည်း MMPA သည် ရေနေသတ္တဝါများကို အကျိုးပြုသည့်ရေရှည်တည်တံ့သော ငါးဖမ်းဆီးခြင်းလုပ်ငန်းကို အားပေးလျက်ရှိသည်။ တာဝန်ယူမှုရှိသော အလေ့အကျင့်များနှင့် နည်းပညာများကို မြှင့်တင်ခြင်းဖြင့်၊ အဆိုပါအက်ဥပဒေသည် ပင်လယ်နို့တိုက်သတ္တဝါများနှင့် ပင်လယ်စာလုပ်ငန်းနှစ်ခုစလုံးကို အကာအကွယ်ပေးရန် ရည်ရွယ်ကြောင်း သိရသည်။  အိန္ဒိယနိုင်ငံသည် အဆိုပါစံနှုန်းအသစ်များနှင့်ကိုက်ညီရန် ၎င်း၏ရေနေနို့တိုက်သတ္တဝါဦးရေကို စတင်အကဲဖြတ်ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။ 

အဏ္ဏဝါထုတ်ကုန်များပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(The Marine Products Export Development Authority)သည် အိန္ဒိယပင်လယ်ရှိ အဏ္ဏဝါနို့တိုက်သတ္တဝါဆိုင်ရာ အကဲဖြတ်စစ်တမ်းကောက်ယူမှုတစ်ခုဆောင်ရွက်ရန် ဗဟိုပင်လယ်ငါးဖမ်းလုပ်ငန်းသုတေသနအဖွဲ့(Central Marine Fisheries Research Institute-CMFRI) နှင့် အိန္ဒိယငါးလုပ်ငန်းစစ်တမ်းကောက်ယူရေးအဖွဲ့(Fisheries Survey of India)တို့ကို ရန်ပုံငွေပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

သို့ပါ၍ အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အိန္ဒိယအစိုးရ၊ ငါးဖမ်းလုပ်ငန်းအသိုင်းအဝိုင်းနှင့် ပင်လယ်စာလုပ်ငန်းတို့အကြား အတူပူးပေါင်းဆောင်ရွက်မည့် ချဉ်းကပ်မှုတစ်ရပ် လိုအပ်လျက်ရှိသည့်အခြေအနေများကို မီးမောင်းထိုးပြလျက်ရှိပါသည်။

ရည်ညွှန်း။          The Hindu Businessline, Indian seafood exports at risk due to US Marine Mammal Protection Act, July, 2024       

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)