India (Delhi)

ပဲနီလေး ကုန်သွယ်မှုအပေါ် ကနေဒါမှ ထိုးနှက်ခြင်းမရှိသကဲ့သို့ အိန္ဒိယအနေဖြင့်လည်း ပြည်တွင်းလိုအပ်ချက်အတွက် အလုံအလောက်ရှိ

Last Updated:

ခါလစ်စတန်ခွဲထွက်ရေးခေါင်းဆောင် Hardeep Singh Nijjar ကိုသတ်ဖြတ်မှုနှင့်ဆက်နွှယ်၍ သံတမန်ရေးရာတင်းမာမှုများကြောင့် ကနေဒါနှင့်အိန္ဒိယနိုင်ငံအကြား အဓိကကုန်စည်တစ်ခုဖြစ်သော ပဲနီလေး(masur dal) အပေါ် သက်ရောက်မှုများရှိလာနိုင်သည်ဟူသောထင်ကြေးပေးမှုများ မကြာသေးမီက ဖြစ်ပေါ်လာခဲ့သည်ဟု The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

စက်တင်ဘာလ ၂၄  ရက်နေ့က ဖြန့်ဝေသည့် Times of India(ToI)သတင်းစာ၏အစီရင်ခံစာအရ အိန္ဒိယအစိုးရသည် ပဲနီလေးတင်သွင်းမှုနှင့်ပတ်သက်ပြီး ယခုအချိန်အထိ အဆင်ပြေကြောင်းနှင့် လက်ရှိ သံတမန်ဆက်ဆံရေးတင်းမာမှုကာလအတွင်း အိန္ဒိယဆိပ်ကမ်းများသို့ တန်ချိန်တစ်သိန်းနီးပါး ရောက်ရှိလာခဲ့သည်ဟု အရာရှိများ၏ပြောကြားချက်ကို ကိုးကား၍ ToI က ဖော်ပြထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် နှစ်စဉ်ပဲနီလေးတန်ချိန် ၂၃ သိန်းစားသုံးမှုရှိသော်လည်း ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် ၁၆ သိန်းဝန်းကျင်သာရှိကြောင်း၊ သို့ရာတွင် တန်ချိန်ခြောက်သိန်းနီးပါးမှာ တင်သွင်းထားပြီးဖြစ်သဖြင့် ပြဿနာတစ်စုံတစ်ရာမရှိနိုင်သည်ကို ယုံကြည်သည်ဟု တာဝန်ရှိသူတစ်ဦးက ToI သို့ ပြောကြားထားကြောင်း၊ထို့အပြင် အဆိုပါအရာရှိက အစိုးရသည် ပဲနီလေးကို ၂၀၂၄ ခုနှစ်၊ မတ်လနောက်ပိုင်းထိ တင်သွင်းမှုအား အကောက်ခွန်မဲ့ဆက်လက်ထားရှိဖွယ်ရှိကြောင်း ပြည်ပမှစိုက်ပျိုးသူများအား အရိပ်အမြွက်ပြောကြားခဲ့ကြောင်း သိရသည်။

အစိုးရအချက်အလက်များအရ ၂၀၂၂-၂၀၂၃ ရာသီချိန်တွင် အိန္ဒိယသည် ကနေဒါနိုင်ငံမှ ရူပီး ၃၀,၁၂၀ သန်းတန်ဖိုးရှိ ပဲနီလေးတန်ချိန် ၄.၈၅ သိန်းတင်သွင်းခဲ့ပြီး ယခုနှစ် ဧပြီလမှ ဇွန်လအတွင်း တန်ချိန်တစ်သိန်းနီးပါး တင်သွင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ပဲနီလေးကို သြစတြေးလျမှ တင်သွင်းမှုသည်လည်း တန်ချိန်နှစ်သိန်းနီးပါးအထိ မြင့်တက်လာသကဲ့သို့ ရုရှားနိုင်ငံမှလည်း ပဲနီလေးများကို တင်သွင်းမှုများရှိခဲ့ကြောင်း၊ ရုရှားမှ ပဲနီလေးတင်သွင်းမှုမှာ အဆင်ပြေခဲ့သော်လည်း အပင်ပိုးမွှားရောဂါကင်းရှင်းမှုဆိုင်ရာကိစ္စရပ်များနှင့် ကုန်ကျစရိတ်ကြီးမြင့်မှုများကြောင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ရပ်နားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် အိန္ဒိယသည် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပဲနီလေးထွက်ရှိသည့်နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်း ပြည်တွင်းပဲမျိုးစုံထွက်ရှိမှုမြင့်တက်လာပြီး ကုလားပဲကဲ့သို့သော အစားထိုးပဲမျိုးစုံကို စားသုံးရန် ပြည်သူများအား လှုံ့ဆော်ပေးသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရ သဖြင့် ကနေဒါနိုင်ငံနှင့်သံတမန်ဆက်ဆံရေးတင်းမာမှုများကြောင့် အိန္ဒိယပြည်တွင်းပဲနီလေးဈေးကွက်တွင် ‌ထင်မြင်ချက်အမျိုးမျိုးဖြစ်ပေါ်နေမှုတို့အား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: No Canada hit on masur dal supply, but India plays safe, The Economic Times, 24 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)