India (Delhi)

အိန္ဒိယနိုင်ငံ၊ ကုန်သွယ်မှုကုစားရေးညွှန်ကြားရေးမှူးရုံး(DGTR)သည် ဈေးပေါသော သွင်းကုန်ပစ္စည်းများကြောင့် ပြည်တွင်း MSME လုပ်ငန်းများကို ကာကွယ်ရန်အတွက် တရုတ်ကုန်ပစ္စည်း ၃ မျိုးကို စွန့်ပစ်ပစ္စည်းများအဖြစ် စွပ်စွဲ၍ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်

Last Updated:

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စုံစမ်းစစ်ဆေး‌‌ရေးဌာနတစ်ခုဖြစ်သော ကုန်သွယ်မှုကုစားရေးညွှန်ကြားရေးမှူးရုံး(Directorate General of Trade Remedies-DGTR)သည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်များအတွက် စျေးပေါသောသွင်းကုန်များဝင်ရောက်မှုမှ ကာကွယ်ရန် တရုတ်ကုမ္ပဏီများမှတင်သွင်းလာသည့် ဘောင်မပါသောမှန်များနှင့် မူလီခေါင်း(fastners) များအပါအဝင် ကုန်ပစ္စည်းသုံးမျိုးကို စုပုံတင်ပို့ခြင်း(dumping)အား စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် စုပုံတင်ပို့မှုများကို တိုက်ဖျက်ခြင်း(anti-dumping)ကို ပြည်တွင်းထုတ်လုပ်သူများ၏တိုင်ကြားစာပေါ်တွင်အခြေခံ၍ စတင်လုပ်ဆောင်လေ့ရှိသော်လည်း စုံစမ်းစစ်ဆေးမှုတွင် ပါ၀င်သည့်သူများမှာ လုပ်ထုံးလုပ်နည်းများကျွမ်းကျင်မှု မရှိသည့်အတွက် ကုန်သွယ်မှုကုစားရေးညွှန်ကြားရေးမှူးရုံး(DGTR)မှ ဦးဆောင်၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကုန်သွယ်ရေးဆိုင်ရာ သီးခြားသတိပေးကြေညာချက် ၃ စောင်အရ DGTR သည် ပရိဘောဂပစ္စည်းများတွင်အသုံးပြုသည့် Telescopic Channel Drawer များ၊ ဘောင်မပါသည့်မှန်ချပ်များနှင့် မူလီခေါင်းများစုပုံတင်ပို့ခြင်းတို့ကို စုံစမ်းစစ်ဆေးနေကြောင်းနှင့်အဆိုပါစုံစမ်းစစ်ဆေးမှုသည် တရုတ်နိုင်ငံမှစုပုံတင်သွင်းသည့် ကုန်ပစ္စည်းများကြောင့် MSME ထုတ်လုပ်သူများအတွက် လိုအပ်သောအကာအကွယ်များပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း၊ ယခုလုပ်ဆောင်ချက်သည် ၂၀၀၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ဘက်ထရီခြောက်များအပေါ်တွင် အခွန်များ ၅ နှစ်ကောက်ခံပြီးနောက် ပထမဆုံးအကြိမ်ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကုန်စည်များစုပြုံတင်ပို့ခြင်းအပေါ် တန်ပြန်ဆောင်ရွက်နိုင်ရန် အိန္ဒိယနိုင်ငံ၏လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ တရုတ်နိုင်ငံအပေါ် ပထမဦးဆုံးဆောင်ရွက်ချက်လည်းဖြစ်သည်ဟု အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားထားကြောင်း သိရသည်။

အဆိုပါထုတ်ကုန်သုံးမျိုးအားထုတ်လုပ်သည့် အိန္ဒိယလုပ်ငန်းရှင်များသည် ဈေးနှုန်းမမျှတသောတရုတ်သွင်းကုန်များ၏ ပြင်းထန်သောပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြထားမှုအရ တရုတ်နိုင်ငံမှ စုပုံတင်ပို့မှုများသိသိသာသာတိုးလာခြင်းကြောင့် အိန္ဒိယ၏ Telescopic Channel Drawer ထုတ်လုပ်မှု သိသိသာသာကျဆင်းသွားသည်ဟု Highhope Furniture Fittings Manufacturers Associates Pvt Ltd အပါအဝင် ယင်းပစ္စည်းထုတ်လုပ်သူ ၂၅ ဦးပါဝင်သည့် တိုင်ကြားစာကို လက်ခံရရှိထားကြောင်းနှင့် ယင်းသွင်းကုန်တန်ဖိုးပမာဏစုစုပေါင်းမှာ အိန္ဒိယရူပီး ၃၅၆၀ သန်းခန့်ရှိကြောင်း သိရသည်။

ထို့အပြင် ဘောင်မပါသောမှန်များအတွက် All India Mirror ထုတ်လုပ်သူများအသင်းမှ ကိုယ်စားပြုမှုတိုင်ကြားစာကို လက်ခံရရှိခဲ့ပါကြောင်း၊ ဘောင်မပါသောမှန်များကို အများဆုံးထုတ်လုပ်သူမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖြစ်ပြီး တရုတ်နိုင်ငံမှ အမြောက်အများစုပုံတင်သွင်းမှုများကြောင့် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် အချို့သောထုတ်လုပ်မှုများကို ပိတ်သိမ်းထားပြီးဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ယင်းပစ္စည်းအတွက် အိန္ဒိယနိုင်ငံ၏လိုအပ်ချက်မှာ ၁၁၀.၉၀၄ မက်ထရစ်တန်ခန့်ရှိပြီး တရုတ်နိုင်ငံမှတင်သွင်းမှုမှာ ၈၀,၁၇၈ မက်ထရစ်တန်ရှိသဖြင့် အိန္ဒိယဝယ်လိုအား၏ ၇၂  ရာခိုင်နှုန်းနီးပါး၊ တန်ဖိုးအားဖြင့် ရူပီး ၁,၈၃၀ သန်းဖြစ်ကြောင်း သိရသည်။

အလားတူ Apt Tools & Machinery ကုမ္ပဏီနှင့် Northern Screw Association တို့က တရုတ်နိုင်ငံမှ တင်သွင်းလာသော မူလီခေါင်းများ၊ တံခါးချက်များ၊ ဝက်အူများအပေါ် စုပုံတင်သွင်းအပေါ် တန်ပြန်ကောက်ခံသည့် အခွန်စနစ်ကျင်းသုံးပေးရန် DGTR သို့တောင်းဆိုထားပါကြောင်း၊ အဆိုပါမူလီခေါင်းများ၊ တံခါးချက်များတင်သွင်းမှုသည် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ရူပီး ၁,၃၇၀ သန်းရှိခဲ့ကြောင်း၊ ယင်းကုန်ပစ္စည်းထုတ်လုပ်သည့် SME လုပ်ငန်းများမှာ ၁၇၉ ခုဝန်းကျင်ခန့်ရှိပြီး လူပေါင်း ၁၅,၀၀၀ ကျော်ကို အလုပ်အကိုင်ရရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုရူပီး ၁၂,၀၀၀ သန်းကျော်ရှိကြောင်း၊ ယင်းထုတ်ကုန်အတွက် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံမှတင်သွင်းမှုသည် ၁၆,၁၆၈ မက်ထရစ်တန်ခန့်ရှိခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်တွင် အိန္ဒိယသည် တရုတ်နိုင်ငံမှကုန်ပစ္စည်းကို ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးတင်သွင်းခဲ့ပါကြောင်းနှင့်  အိန္ဒိယအနေနှင့် တရုတ်နှင့်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ထိုဘဏ္ဍာနှစ်တွင် လိုငွေအမေရိကန်ဒေါ်လာ ၈၃ ဘီလီယံရှိခဲ့ကြောင်းလည်း သိရသည်။

ဖရိုဖရဲဖြစ်နေသေ ာလုပ်ငန်းများကို အကူအညီပေးရန်နှင့် Anti-dumping နှင့် counter-vailing ကဲ့သို့သောကုန်သွယ်ရေးကုစားမှုဆိုင်ရာအခွင့်အလမ်းများကို အသုံးချစေနိုင်ရန်အတွက် အစောပိုင်းတွင် DGTR သည် သွင်းကုန်များ၏ တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အထများကို အကာအကွယ်ရယူရာတွင် ၎င်းတို့၏ပူးပေါင်းပါဝင်မှုကို လွယ်ကူချောမွေ့စေရန် လုပ်ထုံးလုပ်နည်းလိုအပ်ချက်များကို ရိုးရှင်းအောင်လုပ်ဆောင်ခဲ့သည်။

ထိုသို့လုပ်ဆောင်မှုများကြောင့် ပြည်တွင်းကုန်ထုတ်လုပ်သူများ ယှဉ်ပြိုင်နိုင်မှုမြင့်မားလာစေခဲ့ကြောင်း၊ အဆိုပါထုတ်ကုန်များကို စုပုံတင်သွင်းခြင်းသည် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာစေသည်ဟု အခိုင် အမာသိရှိရပါက DGTR သည် ယင်းသွင်းကုန်များအပေါ် anti-dumping အခွန်များကျင့်သုံး‌ဆောင်ရွက်နိုင်၊ အကြံပြုချက်များပေးနိုင်မည်ဖြစ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

စျေးပေါသောသွင်းကုန်များမြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းများ ထိခိုက်မှုရှိ/မရှိကို နိုင်ငံများက ဆုံးဖြတ်နိုင်ရန်အတွက် စုပုံတင်ပို့မှုတိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကြကြောင်း၊ တန်ပြန်စီမံဆောင်ရွက်ချက်များအနေဖြင့် အခွန်စည်းကြပ်ခြင်းလုပ်ငန်းများကို ဂျနီဗာအခြေစိုက်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှုစနစ်လုပ်ထုံး၊လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဆိုပါအခွန် ကောက်ခံမှုမှာ မျှတသောကုန်သွယ်မှုအလေ့အကျင့်များ သေချာစေရန်နှင့် ပြည်တွင်းထုတ်လုပ်သူများနှင့် ပြည်ပထုတ်လုပ်သူများအကြား အခွင့်အလမ်းများတန်းတူရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယသည် တရုတ်နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ စျေးပေါသောသွင်းကုန်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကုန်ပစ္စည်းအများအပြားအပေါ် စုပုံတင်သွင်းမှုတိုက်ဖျက်ရေးအခွန်ကို ချမှတ်ထားပြီးဖြစ်ကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားသဖြင့် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source:  DGTR suo-motu probing alleged dumping of three Chinese goods: to protect MSMEs from cheap imports, The Economic Times, 24 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)