India (Kolkata)

(၇) ကြိမ်မြောက် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ(7th Edition of the Bengal Global Business Summit) ပိတ်ပွဲအခမ်းအနား (Valedictory Session) ကျင်းပ

Last Updated:

(၇) ကြိမ်မြောက် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ(7th Edition of the Bengal Global Business Summit)ပိတ်ပွဲအခမ်းအနား(Valedictory Session)ကို ကော်လ်ကတ္တားမြို့၊ Dhono Dhanyo Auditorium အဆောက်အဦး တတိယထပ်ရှိ အစည်းအဝေးခန်းမဆောင်တွင် ယခုလ ၂၂ ရက်နေ့၊ ဒေသစံတော်ချိန် ၃ နာရီ ၃၀ မိနစ်မှ ၆ နာရီခန့်အထိ ကျင်းပြုလုပ်ရာ စီးပွားရေးသံမှူး ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါပိတ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee က အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲတွင် ရူပီး ၃ ဒသမ ၇၆ ထရီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများ လက်ခံရရှိခဲ့ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် နားလည်မှုစာချွှန်လွှာ MoU ၊ Letters of Intent (LoI)ပေါင်း (၁၈၈)ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က အနောက်ဘင်္ဂလားပြည်နယ်တွင်ကျင်းပသော ပြပွဲအခမ်းအနားများအနက် အအောင်မြင်ဆုံအခမ်းနားတစ်ခုဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။ အဆိုပါ(၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ဖေါ်ကိုင်ဖက်နိုင်ငံများ(partner countries) (၁၇)ခုမှ အပြည်ပြည်ဆိုင်ရာကိုယ်စားလှယ် ၄၀၀ ဦးနှင့် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးနှင့် မဟာမင်းကြီး(၁၅)ဦးတို့အပါအဝင် စုစုပေါင်းပါဝင်တက်ရောက်သူ ကိုယ်စားလှယ်ပေါင်း ၅၀၀၀ ဦးကျော်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါစီးပွားရေးတွေ့ဆုံဆွေးနွေးပွဲသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အဓိကထားပြီး၊ ပြည်နယ်အစိုးရအနေဖြင့် “တိုးတက်ရေးဗဟိုဌာနများ”နှင့် အလုပ်အကိုင်ဖန်တီးပေးရာ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ “သေးငယ်ခြင်းသည်လှပပါတယ်။ အလုပ်အကိုင်များဖန်တီးပေးနေတဲ့ သေးငယ်တဲ့အတိုင်းအတာရှိသောကဏ္ဍတစ်ခု(small-scale sector) ပဲဖြစ်ပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

အဓိကရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများတွင် သတင်းအချက်အလက်နည်းပညာ(IT)နှင့်၎င်းနည်းပညာသုံးဝန်ဆောင်မှုများ(Information Technology Enabled Services-ITeS)၌ ရူပီး ၄၀ ဘီလီယံ၊ စိုက်ပျိုးရေးနှင့် ဆက်စပ်ကဏ္ဍများတွင် ရူပီး ၁၃ ဒသမ ၁၄ ဘီလီယံ၊ ကျန်းမာရေးကဏ္ဍ၌ နောင် ၃ နှစ်တာကာလအတွက် ရူပီး ၇၉ ဒသမ ၃၃ ဘီလီယံနှင့် ဖေါ့စဖိတ်ဓါတ်မြေဩဇာစက်ရုံ (၁)ခုတည်ဆောက်ရန် ရူပီး ၃.၆ ဘီလီယံတို့ပါဝင်သည်။ ပြည်နယ်အနေဖြင့် အခြားကဏ္ဍများအတွက် ရူပီး ၁၆ ဒသမ ၇၆ ဘီလီယံတန်ကြေးရှိ ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအပါအဝင် စာသင်ကျောင်းနှင့်အဆင့်မြင့်ပညာရေးကဏ္ဍအတွက် ရူပီး ၃ ဒသမ ၆ ဘီလီယံကိုလည်း ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။

စိုက်ပျိုးရေးကဏ္ဍအစည်းအဝေးအစီအစဉ်တွင် တွဲဖက်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သော ITC လုပ်ငန်းစုဥက္ကဋ္ဌ Sanjiv Puri က ရူပီး ၁၃ ဒသမ ၁၄ ဘီလီယံတန် နားလည်မှုစာချွှန်လွှာ(၉၃)ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကျန်းမာရေးကဏ္ဍအတွက် ရူပီး ၇၉ ဒသမ ၃၃ ဘီလီယံတန် LoI (၂၅)ခုနှင့် IT နှင့် ITeS ကဏ္ဍအတွက် ရူပီး ၄၀ ဘီလီယံတန် နားလည်မှုစာချွှန်လွှာ ၅ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရပါသည်။

အခြားထူးခြားသောရင်းနှီးမြှုပ်နှံမှုများတွင် Coca-Cola India နှင့် Luxmi လက်ဖက်ကုမ္ပဏီတို့အကြား ရေးထိုးခဲ့သည့် အသင့်သောက်သုံးနိုင်သော လက်ဖက်ရည်ထုတ်ကုန်များထုတ်လုပ်ရန် နားလည်မှုစာချွှန်လွှာနှင့် Uber ကုမ္ပဏီမှ အဆိုပြုခဲ့သည့် ကော်လ်ကတ္တားမြို့တွင်း ခရီးသည်တင်ယာဉ်များပြေးဆွဲရန် အမေရိကန်ဒေါ်လာ ၁၀ သန်းတန် အဆိုပါပြုလွှာများပါဝင်ကြောင်း သိရှိရပါသည်။

သုံးသပ်တင်ပြချက်

အဆိုပါ(၇)ကြိမ်မြောက် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ(7th Edition of the Bengal Global Business Summit)ကို ပြည်နယ်အစိုးရမှ ကမကထပြု၍ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး၊ ပြည်နယ်၏ ကဏ္ဍပေါင်းစုံသို့ ပြည်တွင်းပြည်ပမှ ရင်းနှီမြှုပ်နှံမှုများစီးဝင်လာအောင် ဆွဲဆောင်လျက်ရှိပါသည်။ တစ်နှစ်ထက်တစ်နှစ်ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် အဆိုပြုလွှာများ တိုးတက်လာသလို လုပ်ဖေါ်ကိုင်ဖက်နိုင်ငံများစာရင်းလည်း တိုးတက်လာလျက်ရှိပါသည်။ ယမန်နှစ်က ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၃ ဒသမ ၄ ထရီလီယံရရှိခဲ့ပြီး၊ ယခုနှစ်တွင် ရူပီး ၃ ဒသမ ၇၆ ထရီလီယံတန်ဖိုးရရှိခဲ့သည့်အတွက် ရူပီး ၃၆၀ ဘီလီယံတိုးတက်ရရှိခဲ့ကြောင်း သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)