Japan

ဝယ်လိုအားနှင့် ဈေးနှုန်းများမြင့်တက်လာမှုတို့ကြောင့် ဂျပန်နိုင်ငံမှ ပြည်ပသို့ တင်ပို့မှုမြင့်တက်ခဲ့

Last Updated:

လက်ရှိတွင်ဖြစ်ပေါ်နေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကုန်စည်များသယ်ယူပို့ဆောင်ခြင်းတွင် ကြီးမားသည့်စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရသော်လည်း တစ်ကမ္ဘာလုံးမှ ဝယ်လိုအားမြင့်တက်လာခဲ့ခြင်း၊ ဈေးနှုန်းများမြင့်တက်လာခြင်းတို့ကြောင့် ဂျပန်နိုင်ငံမှ ပြည်ပနိုင်ငံများထံသို့ တင်ပို့မှုသည် ၇ လဆက်တိုက်မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဂျပန်ုနိုင်ငံ၏ ပြည်ပပို့ကုန်သည် ယခင်နှစ်ကာလတူထက်  ၁၁ % တိုးတက်လာမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ယခင်နှစ်အလားတူကာလထက် ၁၁.၇% တိုးတက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း အမေရိကန်နိုင်ငံသို့ တင်ပို့မှုသည် ယခင်နှစ်ကထက် ၃.၄% ၊ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ၁၇.၇% တိုးတက်လာခဲ့ကြောင်း cnbc သတင်းဌာနတွင် ဖော်ပြထားပါသည်။

အဆိုပါကာလအတွင်း ဂျပန်ုနိုင်ငံသည် ပြည်ပနိုင်ငံများမှ တင်သွင်းမှုအပေါ် ယခင်နှစ် ကာလတူကထက် ၇.၁ % တိုးတက်မည်ဟု မျှော်မှန်းထားသော်လည်း မျှော်မှန်းချက်ကို ကျော်လွန်၍ ၁၀.၉%  ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၆ ခုနှစ်၊ မတ်လတွင် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေမှာ ယန်း ၆၆၇ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄.၁၈ ဘီလီယံ)သာရရှိခဲ့သည့်အတွက် မျှော်မှန်းထားသည့် ယန်း ၁.၁ ထရီလီယံထက် လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ပင်လယ်ကွေ့ဒေသမှ လောင်စာဆီတင်ပို့မှုများ ရပ်တန့်သွားပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များအပေါ် ထိခိုက်ခဲ့သော်လည်း ပို့ကုန်ဈေးနှုန်းများမြင့်တက်လာမှုက ဂျပန်၏ ကုန်သွယ်မှုကဏ္ဍကို အထောက်အကူဖြစ်ခဲ့ကြောင်း၊ စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်း၊ ရေနံနှင့် အခြားကုန်ကြမ်းများရရှိရန်ကြန့်ကြာခြင်းတို့ကြောင့် ဂျပန်နိုင်ငံ၏ပို့ကုန်ကဏ္ဍသည် တဖြည်းဖြည်းချင်းကျဆင်းလာနိုင်ဖွယ်ရှိသည်ဟု ကုန်စည်ထုတ်လုပ်သူများအနေဖြင့် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း၊ ဂျပန်အစိုးရသည် ပြည်တွင်းတွင် လိုအပ်လျက်ရှိသည့် ကုန်စည်များထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် ရေနံဓာတုပစ္စည်းများလုံလောက်အောင်စီမံထားသည်ဟု အာမခံထားသော်လည်း ရေနံဓာတုပစ္စည်းများအတွက် အဓိကကုန်ကြမ်းဖြစ်သော နက်ဖ်သာ(Naphtha)နှင့်ဆက်စပ်ပစ္စည်းများပြတ်လပ်မှုကြောင့် မကြာသေးမီသီတင်းပတ်များအတွင်း ကုမ္ပဏီများစွာသည် အမှာစာများလက်ခံခြင်းကို ရပ်ဆိုင်းသည်ဟု ကြေညာခဲ့ရကြောင်း သိရှိရပါသည်။

ပြင်ပမှစိန်ခေါ်မှုများကြောင့် စီးပွားရေးအရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်ရန်မသေချာမှုများဖြစ်ပေါ်နေသော်လည်း ဂျပန်နိုင်ငံ၏စီးပွားရေးသည် ခိုင်မာသောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကြံကြံခံနိုင်စွမ်းရှိသော တင်ပို့မှုများဖြင့် အသင့်အတင့်ပြန်လည်ဦးမော့လာမည့် လက္ခဏာများကို ဆက်လက်ပြသနေကြောင်း၊ ကုန်စည်များတင်သွင်းရာတွင် ကုန်ကျစရိတ်မြင့်တက်လာခြင်း၊ စွမ်းအင်ဆိုင်ရာတင်သွင်းမှုများအပေါ် ကြီးမားစွာမှီခိုနေရသည့် ဂျပန်နိုင်ငံရှိအိမ်ထောင်စုများ၏ သုံးစွဲမှုလျော့ကျလာခြင်း၊ အရှေ့အလယ်ပိုင်းတင်းမာမှုများကြောင့် လောင်စာဆီဈေးနှုန်းများမြင့်တက်လာခြင်းတို့သည် ဂျပန်နိုင်ငံ၏စီးပွားရေးအပေါ် ကြီးမားစွာသက်ရောက်လာနိုင်ဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂျပန်ယန်းတန်ဖိုးကျလာပြီး လောင်စာဆီဈေးနှုန်းများမြင့်တက်လာမှုကြောင့် ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်လာခြင်းဖြင့် ဂျပန်ဗဟိုဘဏ်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဈေးနှုန်းတည်ငြိမ်မှုရရှိရန် ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုလာနိုင်ဖွယ်ရှိသည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် လာမည့်သီတင်းပတ်တွင်ပြုလုပ်မည့် မူဝါဒဆိုင်ရာအစည်းအဝေးတွင် အတိုးနှုန်းကို မပြောင်းလဲဘဲထားရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source: https://www.cnbc.com/2026/04/22/japans-exports-expand-11point7percent-in-march-on-brisk-demand-higher-prices.html

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan