တရုတ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်တင်ပို့မှုစုစုပေါင်း၏ (၇၀-၈၀)ရာခိုင်နှုန်းခန့်ရှိပြီး ထိပ်တန်းတင်သွင်းသည့်နိုင်ငံဖြစ်ခဲ့ကြောင်း ဘရာဇီးလ်ပဲပုပ်စိုက်ပျိုးသူများအသင်း(Aprosoja Brasil)၏ဥက္ကဋ္ဌ Maurício Buffon က Global Times နှင့်အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဘရာဇီးလ်နှင့် တရုတ်တို့အကြား ကုန်သွယ်မှုမိတ်ဖက်ဆက်ဆံရေးသည် ဘရာဇီးလ်အတွက် အလွန်အရေးကြီးကြောင်း၊ ကြီးမားသည့်တရုတ်ဈေးကွက်၏ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ဘရာဇီးလ်နိုင်ငံမှပဲပုပ်များသည် ကုန်ကျစရိတ်နှင့်အကျိုးအမြတ်အချိုးမှာ အကောင်းဆုံးဖြစ်ကြောင်း၊ ဘရာဇီးလ်ပဲပုပ်များသည် အရည်အသွေး၊ ထုတ်လုပ်မှုစွမ်းအားနှင့် အခြားပဲပုပ်ထုတ်လုပ်သည့်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်ခြင်းတို့ကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု Buffon က ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
ဧပြီလအစောပိုင်းတွင် တရုတ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံမှ စုစုပေါင်းပဲပုပ်တန်ချိန်(၂.၄)သန်း ဝယ်ယူရေးစာချုပ်များချုပ်ဆိုခဲ့ပြီး တရုတ်၏ပျမ်းမျှလစဉ်ပဲပုပ်တင်သွင်းမှု၏ သုံးပုံတစ်ပုံနီးပါးရှိကြောင်း၊ ဧပြီလအစောပိုင်း၌ တရုတ်နိုင်ငံမှ ဝယ်လိုအားတိုးလာခြင်းသည် မျှော်လင့်ထားသည့်အတိုင်း စားသုံးမှုပိုများလာခြင်းကြောင့် ဝယ်လိုအား တိုးလာခြင်းဖြစ်သည်ဟု Buffon က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မကြာသေးမီက တရုတ်နှင့် အမေရိကန်တို့အကြား အကောက်ခွန်ဖယ်ရှားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တစ်ခုအပြီးတွင်ပင် ဘရာဇီးလ်ပဲပုပ်တင်ပို့သူများသည် ချက်ချင်းအကျိုးသက်ရောက်မှုကို မခံစားရနိုင်ကြောင်းနှင့် ဘရာဇီးလ်ပဲပုပ်များသည် စျေးနှုန်းပိုမိုယှဉ်ပြိုင်နိုင်ကြောင်း Buffon က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
လက်ရှိတွင် အမေရိကန်၌ ပဲပုပ်စိုက်ပျိုးပြီးဖြစ်သောကြောင့် ထုတ်လုပ်သူများအနေဖြင့် စိုက်ဧရိယာထပ်တိုးရန်နှင့် ရောင်းလိုအားထပ်တိုးရန် ပြင်ဆင်ချိန်မရှိကြောင်း၊ ကာလတိုတွင် အကျိုးသက်ရောက်မှုနည်းသော်လည်း ၂၀၂၅ /၂၀၂၆ တွင် ဘရာဇီးပဲပုပ်ဝယ်လိုအားမှာ ကန့်သတ်ချက်ရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နိုင်ငံသည် ဘရာဇီးလ်မှ ပဲပုပ်ကို အဓိကဝယ်ယူသူအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ဘရာဇီးလ်လယ်ယာစိုက်ပျိုးရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာန၏အဆိုအရ ၂၀၂၃/၂၀၂၄ ရိတ်သိမ်းချိန်တွင် စုစုပေါင်းပဲပုပ်ထုတ်လုပ်မှုသည် တန်ချိန်(၁၄၇)သန်းရှိပြီး တရုတ်နိုင်ငံသို့ တန်ချိန်(၈၇)သန်းခန့်တင်ပို့ခဲ့ကြောင်း၊ ၂၀၂၅/၂၀၂၆ ရိတ်သိမ်းချိန်တွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုပ်တန်ချိန် (၁၆၅)သန်းထွက်ရှိရန် မျှော်မှန်းထားသည့်အနက် တန်ချိန်(၁၁၀)သန်းတင်ပို့ရန်မျှော်မှန်းထားပြီး ယင်းတို့အနက် တရုတ်နိုင်ငံသို့ တင်ပို့မှုသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟု ဘရာဇီးလ်ပဲပုတ်လုပ်ငန်း ကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ပြီးခဲ့သည့်သီတင်းပတ်က ဘရာဇီးလ်သမ္မတ Luiz Inacio Lula da Silva ၏တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည် အပတ်ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံဆက်ဆံရေးပိုမိုအားကောင်းလာကာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ သည် အဓိကကျသည့်အပိုင်းမှ ပါဝင်ကြောင်းနှင့် အဆိုပါခရီးစဉ်အတွင်း သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးရေးနှင့်ဘဏ္ဍာ ရေးအပါအဝင် နယ်ပယ်အစုံတွင် ပူးပေါင်းဆောင်ရွက်မှုစာချုပ်(၂၀)ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
ဘရာဇီးလ်မှပဲပုပ်များသည် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး၏သင်္ကေတတစ်ခုမျှသာဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်ကတည်းက ၎င်း၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံသို့ ဘရာဇီးလ်၏တင်ပို့မှုများကို ကွဲပြားစေရန် ဆက်လက်ကြိုးပမ်းမှုများကို Xinhua သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဘရာဇီးလ်ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ၏ဥက္ကဋ္ဌ Jorge Viana က ဆွေးနွေးခဲ့ကြောင်း၊ ပဲပုပ်၊ ဆီနှင့်သတ္တုရိုင်းကဲ့သို့သော သမာရိုးကျပို့ကုန်များနှင့်အတူ တိရိစ္ဆာန်ပရိုတင်း၊ သကြား၊ ဆယ်လူလို့စ်နှင့် ကော်ဖီကဲ့သို့သောကဏ္ဍများတွင် တိုးတက်လာမှုကို ဖော်ပြခဲ့ကြောင်း၊ ဤသို့ပို့ကုန်ကွဲပြားခြင်းသည် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုကျယ်ပြန့်လာခြင်းကို မီးမောင်းထိုးပြလျက်ရှိကြောင်း သိရှိရပါသည်။
အမေရိကန်၏ စည်းကြပ်ခွန်ကောက်ခံမှုကြောင့် တရုတ်နိုင်ငံ၏စားနပ်ရိက္ခာလုံခြုံမှုအပေါ် သက်ရောက်မှုနှင့်ပတ်သက်သည့် မေးခွန်းအပေါ် တရုတ်နိုင်ငံသည် လယ်ယာထွက်ကုန်များကို နိုင်ငံစုံမှ တင်သွင်းရန် အရှိန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် တရုတ်နိုင်ငံ၏စားနပ်ရိက္ခာထောက်ပံ့မှုသည် ဖူလုံမှုရှိသည်ဟု တရုတ်နိုင်ငံ၏ထိပ်တန်းစီးပွား ရေးစီမံကိန်းရေးဆွဲသူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ လက်ထောက်အကြီး အကဲ Zhao Chenxin က ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ခြင်းနှင့် မတူညီသည့်နိုင်ငံများမှ တင်သွင်းခြင်းတို့ကို စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံလုံလောက်မှုနှင့် အမျိုးသားစားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ခိုင်ခိုင်မာမာယုံကြည်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ကောက်ပဲသီးနှံအထွက်နှုန်းသည် တရုတ်အချိန် အတွယ် ကျင်(၁.၄)ထရီလီယံရှိခဲ့သဖြင့် တရုတ်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာဖူလုံမှုရှိကြောင်း Zhao က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source: en.people.cn/n3/2025/0521/c90000-20317734.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)