အီလက်ထရွန်းနစ် အစိတ်အပိုင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် နေ့စဉ်သုံးပစ္စည်းများသယ်ဆောင်လာသည့် မော်တော်ယာဉ်တန်းသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ သွားရောက်ရန် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့နှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ တစ်ပြိုင်နက်တည်း ထွက်ခွာလာခဲ့ကြောင်း သိရှိရပါသည်။
Greater Mekong Sub-region Cross-border Transport Facilitation Agreement(CBTA)အရ တရုတ်နိုင်ငံမှ ကုန်စည်ပို့ဆောင်ရေးယာဉ်များသည် အသစ်ဖွင့်လှစ်ထားသော လမ်းကြောင်းမှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများသို့ ပထမဦးဆုံးအကြိမ်သွားရောက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါလမ်းကြောင်းသည် တရုတ်နှင့်ဗီယက်နမ်နိုင်ငံတို့အကြား နိုင်ငံတကာလမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့စေရေးအတွက် သိသာထင်ရှားသောတိုးတက်မှုကို ပြသလျက်ရှိပြီး သယ်ယူပို့ဆောင်ရေးစွမ်းဆောင်ရည်ကို သိသိသာသာတိုးတက်လာစေကြောင်း သိရှိရပါသည်။
ယခင်လမ်းကြောင်းများနှင့်နှိုင်းယှဉ်ပါက ယခုစင်္ကြံသစ်သည် ကုန်တင်ကားတစ်စီးစီကို သယ်ယူပို့ဆောင်ချိန် တစ်ရက်ခန့်သက်သာစေပြီး ကုန်ကျစရိတ်ယွမ်(၁၀၀၀)(အမေရိကန်ဒေါ်လာ ၁၃၈.၉၇ ခန့်) အထိ လျှော့ချပေးကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အဦချိတ်ဆက်မှုအရှိန်မြှင့်တင်ရန်၊ ယာဉ်မောင်းများအတွက် ဗီဇာကြေးလျှော့ချရန်၊ အကောက်ခွန်ရှင်းလင်းရေး ထိရောက်မှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံသဘောတူညီချက်များ အကောင် အထည်ဖော်မှုမြှင့်တင်ရန်အတွက် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Wang Xiuchun က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများကိုအလေးထားသည့် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးစင်္ကြံတစ်ခု တည်ဆောက်ရန်၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့် နိုင်ငံ၏အဆင့်အတန်းမြင့်သော တံခါးဖွင့်လှစ်မှုကိုမြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Wang က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါ သည်။
ယခုနှစ်သည် တရုတ်-ဗီယက်နမ်သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်မြောက်နှစ်ပတ်လည်ဖြစ်ရာ နှစ်ကြာလာသည်နှင့်အမျှ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးပိုမိုခိုင်မာလာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဗီယက်နမ်သည် ၂၀၁၆ ခုနှစ်ကတည်းက အာဆီယံအတွင်း တရုတ်၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာကြောင်း ဖော်ပြထားပါသည်။
နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် လေးနှစ်ဆက်တိုက် အမေရိကန်ဒေါ်လာဘီလီယံ ၂၀၀ ကျော်ရှိပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆၀.၆၅ ဘီလီယံအထိရှိလာကာ တစ်နှစ်ထက်တစ်နှစ် ၁၃.၅ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://www.caexpo.org.cn/en-US/posts/887510115463323648
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)