USA

ဗဟိုဘဏ်ဥက္ကဋ္ဌကို အစားထိုးရန်လျာထားလျက်ရှိကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟုဆို

Last Updated:

ဗဟိုဘဏ်(Federal Reserve)အတိုးနှုန်းလျော့ချရန် နှောင့်နှေးလျက်ရှိခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်ဥက္ကဋ္ဌအား ယခုနှစ်နွေရာသီအပြီးတွင်အစားထိုးရန် အမေရိကန်သမ္မတက စဉ်းစားလျက်ရှိကြောင်း Wall Street Journal  အွန်လိုင်းသတင်း၌ ၂၅-၆-၂၀၂၅ ရက်တွင်ဖော်ပြခဲ့ပါသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell ၏သက်တမ်းသည် လာမည့်(၁၁)လအတွင်း ကုန်ဆုံးမည်ဖြစ်ရာ သမ္မတအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလအတွင်း ၎င်းနေရာအား အစားထိုးခန့်အပ်ရန်စဉ်းစားလျက်ရှိကြောင်း၊ ယင်းသို့ခန့်ထားရန်ရွေးချယ်လျာထားရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း Mr. Kevin Warsh ၊ အမျိုးသားစီးပွားရေးကောင်စီ၊ ညွှန်ကြားရေးမှူး Mr. Kevin Hassett ၊ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဟောင်း Mr. David Malpass နှင့်လက်ရှိဗဟိုဘဏ်ဘုတ်အဖွဲ့ဝင် Mr. Christopher Waller တို့ကိုလျာထားသည်ဟု သတင်းဖော်ပြချက်များအရ သိရှိရပါကြောင်း၊ အစားထိုးမည့် ဗဟိုဘဏ်ဥက္ကဋ္ဌအသစ်ကို ဆောလျင်စွာအမည်စာရင်းတင်သွင်းနိုင်သော်လည်း အကူးအပြောင်းကာလမှာ (၃)လမှ(၄)လအထိ ကြာမြင့်နိုင်ရာ ဥက္ကဋ္ဌအသစ်ခန့်အပ်ပြီးပါကလည်း  ၂၀၂၆ ခုနှစ် မေလနောက်ပိုင်းမှသာ စတင်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊သို့ရာတွင် ယင်းသို့ ခန့်ထားခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များအပေါ် သက်ရောက်နိုင်သကဲ့သို့ လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ၏ ရာထူးသက်တမ်းမကုန်ဆုံးမီ ငွေကြေးမူဝါဒများနှင့်ပတ်သက်၍လည်း ထိန်းကျောင်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က ဗဟိုဘဏ်၏ရည်ရွယ်ချက်များတွင် နိုင်ငံရေးကို ထည့်သွင်းစဉ်းစားခြင်းမပြုကြောင်း၊ အကယ်၍ ဗဟိုဘဏ်အနေဖြင့် အမှားတစ်ခုပြုလုပ်ခဲ့လျှင် ပြည်သူများက ယင်းအမှားအတွက်ပေးဆပ်ရမည်ဖြစ်ပြီး ယင်းသို့ပေးဆပ်ရမည့်ကာလမှာလည်းကြာမြင့်ကြောင်း၊ ယခုနှစ်အတွင်း အတိုးနှုန်းလျှော့ချနိုင်ပြီး ယင်းသို့လျှော့ချရာတွင် ဗဟိုဘဏ်အနေဖြင့် ဂရုတစိုက်ချဉ်းကပ်ဆောင်ရွက်သွားမည်ဟု လွှတ်တော်၌ မေးခွန်းများဖြေကြားစဉ် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ဗဟိုဘဏ်အဖွဲ့ဝင်များအကြားတွင် သွင်းကုန်ခွန်ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကို ဆွေးနွေးလျက်ရှိကြပြီး အကယ်၍ ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကြောင့် ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်နိုင်မည့်အလားအလာမရှိပါက ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို လျှော့ချခဲ့ပြီးဖြစ်လိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။  

ဗဟိုဘဏ်၏မူဝါဒချမှတ်သည့်ဘုတ်အဖွဲ့ဝင်(၁၂)ဦးရှိရာ လာမည့်ဗဟိုဘဏ်မူဝါဒအစည်းအဝေး၌ အတိုးနှုန်းလျှော့ချမည့်ကိစ္စအပေါ် ထောက်ခံခြင်းပြု/မပြုကို ၎င်းတို့အနေဖြင့် ချိန်ဆလျက်ရှိကြကြောင်း၊ အဆိုပါဘုတ်အဖွဲ့ဝင်များအနက် သမ္မတဒေါ်နယ်ထရမ့်က ခန့်အပ်ထားသည့် ဘုတ်အဖွဲ့ဝင်(၂)ဦးရှိရာ ၎င်းတို့အနေဖြင့် အတိုးနှုန်းလျှော့ချလိုသည့်ဘက်သို့အလေးသာနိုင်သဖြင့် ကျန်အဖွဲ့ဝင်များနှင့် သဘောထားကွဲလွဲနိုင်ကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်က ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသည့် Ms. Michelle Bowmanက ဇူလိုင်လတွင် မူဝါဒများဖြေလျှော့ရန်ပြောကြားခဲ့သကဲ့သို့ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Mr. Christopher Waller ကလည်း အတိုးနှုန်းလျှော့ချရန် ယခင်ရက်သတ္တပတ်အတွင်း ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

သို့ရာတွင် နယူးယောက်ဗဟိုဘဏ် (Federal Reserve of New York) ဥက္ကဋ္ဌ Mr. John Williams က လက်ရှိဗဟိုဘဏ်အတိုးနှုန်းဖြစ်သည့်(၄.၂၅)ရာခိုင်နှုန်းမှ(၄.၅)ရာခိုင်နှုန်းသည် သင့်လျော်သည့်နှုန်းထားဖြစ်ပြီး ယင်းအတိုးနှုန်းသည် ကာလရှည်တွင် ဗဟိုဘဏ် အတွက် အကျိုးရှိနိုင်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ ထို့နောက်တွင် အခြားဗဟိုဘဏ်ဥက္ကဋ္ဌများကလည်း အလားတူပင် အတိုးနှုန်း လျှော့ချမှုကို ဆက်လက်စောင့်ဆိုင်းရန်ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် သမ္မတဒေါ်နယ်ထရမ့်ခန့်ထားသည့်အဖွဲ့ဝင်များနှင့် ကျန်အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲလျက်ရှိကြောင်း၊၂၀၂၅ ခုနှစ်၊ လာမည့်လများတွင် အတိုးနှုန်းကို(၃)ကြိမ်ခန့်လျော့ချလိုသည့် အဖွဲ့ဝင်များရှိသော်လည်း ကျန်အဖွဲ့ဝင်များက ၂၀၂၆ ခုနှစ်အထိ ဗဟိုဘဏ်အတိုးနှုန်းကို လျှော့ချခြင်းမပြုဘဲ ဆက်လက်စောင့်ကြည့်လိုကြကြောင်း သိရှိရပါသည်။

Source: Wall Street Journal

https://www.wsj.com/economy/central-banking/trump-next-federal-reserve-chair-powell-d3edcb9c?mod=economy_lead_pos3

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA