Japan

၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေ ၁၇.၇ သန်း စံချိန်တင် လာရောက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေလာရောက်မှုမှာ ၁၇.၇ သန်းရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလကထက် များပြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ၁၀.၇ သန်းကျော်ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၅.၉ ရာခိုင်နှုန်းများပြားခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၆.၉ ရာခိုင်နှုန်းများပြားခဲ့ကြောင်း  ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ၃.၁၃ သန်းရှိခဲ့ပြီး စံချိန်တင်များပြားခဲ့ကြောင်းနှင့် ၄ လဆက်တိုက် နိုင်ငံခြားသားခရီးသွားဧည့်သည် ၃ သန်းအထက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်များအနေဖြင့် ယန်း ၂.၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၃.၅ ဘီလီယံ)ခန့်သုံးစွဲခဲ့ကြောင်း Japan Tourism Agency(JTA)၏ ၁၉-၇-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည

Japan Tourism Agency မှ လေဆိပ်များနှင့် သင်္ဘောဆိပ်များတွင် ကောက်ယူခဲ့သည့် စစ်တမ်းရလဒ်များအရ နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ စုစုပေါင်းသုံးစွဲမှု၏ ၂၀.၇ ရာခိုင်နှုန်းဖြစ်သည့် ယန်း ၄၄၂ ဘီလီယံကို တရုတ်ခရီးသွားဧည့်သည်များမှ သုံးစွဲခဲ့ကြောင်း ဖော်ပြထားပါသည်။

ယန်းငွေတန်ဖိုးကျဆင်းမှုသည် ခရီးသွားဧည့်သည်များ၏ဝယ်ယူသုံးစွဲမှုကို တွန်းအားဖြစ်စေလျက်ရှိကြောင်း၊ ခရီးသွားဧည့်သည်များ၏သုံးစွဲနိုင်စွမ်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇၃.၅ ရာခိုင်နှုန်းများပြားခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၆၈.၆ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ခရီသွားဧည့်သည် ၃၅ သန်းလာရောက်ကာ ယန်း ၈ ထရီလီယံသုံးစွဲနိုင်ကြောင်း Japan Tourism Agency(JTA)က ခန့်မှန်းထားကြောင်း၊ ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်စံချိန်တင်များပြားခဲ့ခြင်းမှာ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ အများအပြားလာရောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၃.၀၆ သန်းလာရောက်ခဲ့ကြောင်းနှင့် အဆိုပါအရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ ကိုဗစ်-၁၉ မဖြစ်ပွားမီကာလတွင် လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက် ၄.၅၃ သန်းနှင့်နှိုင်းယှဉ်ပါက ၃၂.၃ ရာခိုင်နှုန်းလျော့နည်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခုနှစ်တွင် ဂျပန်နိုင်ငံသို့ အများဆုံးလာရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များမှာ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့မှဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ ခရီးသွားခြင်းအတွက် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ တစ်ဦးကျသုံးစွဲငွေပမာဏမှာ ယန်း ၂၃၈,၇၂၂ ရှိပြီး၊ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၅၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် ၂၀၂၄ ခုနှစ်တွင် နေထိုင်တည်းခိုစရိတ်အတွက် အများဆုံးသုံးစွဲခဲ့ပြီး၊ စုစုပေါင်းသုံးစွဲမှု၏ ၃၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ဈေးဝယ်ယူခြင်းအတွက် သုံးစွဲမှုမှာ စုစုပေါင်းသုံးစွဲမှု၏ ၃၁.၁ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။ ၂၀၁၉ ခုနှစ်တွင် နေထိုင်တည်းခိုမှုအတွက် စုစုပေါင်းသုံးစွဲငွေ၏ ၂၈.၉ ရာခိုင်နှုန်းနှင့် ဈေးဝယ်ခြင်းအတွက် ၃၆.၈ ရာခိုင်နှုန်းသုံးစွဲခဲ့ကြောင်း ဖော်ပြထားပါသည်။ အခြားသောနိုင်ငံမှ ခရီးသွားဧည့်သည်များနှင့်နှိုင်းယှဉ်ပါက တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များမှာ ဈေးဝယ်ခြင်းအတွက် ပိုမိုသုံးစွဲခဲ့ကြပြီး စုစုပေါင်းသုံးစွဲမှု၏ ၄၈.၅ ရာခိုင်နှုန်းရှိကြောင်း၊ အလားတူ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ ခရီးသွားဧည့်သည်များအနေဖြင့်လည်း ဈေးဝယ်ခြင်းအတွက် စုစုပေါင်းသုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်းနီးပါးကို သုံးစွဲခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: Japan