ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းသည် ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ခိုင်မာသောတိုးတက်မှုရှိခဲ့ပြီး၊ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆.၃၃ ဘီလီယံရောက်ရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ၏ဖော်ပြချက်အရ သိရှိရပါ သည်။
နှစ်စဉ်ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၄၇ မှ ၄၈ ဘီလီယံအထိရရှိရန်အတွက် ဤကဏ္ဍအနေဖြင့် ယခုနှစ်လက်ကျန်ကာလတွင် လစဉ်အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ အမေရိကန်သည် ဗီယက်နမ်ထုတ်ကုန်အပေါ် အခွန် ၂၀ ရာခိုင်နှုန်းစည်းကြပ်ထားသောကြောင့် ဗီယက်နမ်ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်ရာတွင် စိန်ခေါ်မှုဖြစ်စေကြောင်း ဖော်ပြထားပါသည်။
ဒုတိယနှစ်ဝက်တွင် ဈေးကွက် သို့မဟုတ် စီးပွားရေးဝန်းကျင် မှန်းဆ၍မရနိုင်သောစိန်ခေါ်မှုများတွေ့ကြုံလာရနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပြီး အဆိုပါဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအတွက် လုပ်သားအင်အားတည်ငြိမ်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထိန်းသိမ်းရန်အလွန်အရေးကြီးကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားကြောင်း ဖော်ပြထားပါ သည်။
စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းများရှိ စက်ကိရိယာများကို အဆင့်မြှင့်တင်ရန်၊ ကောင်းမွန်သော ထုတ်လုပ်မှုအစီအစဉ်များကိုပြုပြင်ပြောင်းလဲရန်၊ ကုန်သွယ်မှုသဘောတူညီချက်အသစ်များကို အသုံးချရန်၊ အပြောင်းအလဲများကို လိုက်လျောညီထွေရှိစေရန်နှင့် ထောက်ပံ့ရေးကွင်းဆက်များတိုးတက်စေရန် အကြံပြုထားကြောင်း သိရှိရပါသည်။
Source: Vietnam News Agency
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)