Thailand

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Suphajee Suthumpun သည် စင်ကာပူ နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Gan Kim Yong နှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး ဆန်ပို့ကုန်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့

Last Updated:

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Suphajee Suthumpun သည် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Gan Kim Yong နှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး ဆန်ပို့ကုန်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းဝက်ဘ်ဆိုဒ်တွင် “Minister talks rice deal with Singapore” ခေါင်းစဉ်ဖြင့် ဖော်ပြထားကြောင်း သိရှိရပါသည်။

ဆွေးနွေးမှုတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်းဒီဂျစ်တယ်စီးပွားရေးတို့ တိုးချဲ့နိုင်ရေးပါဝင်ပြီး ဆန်ကုန်သွယ်မှုစာချုပ်ဖြင့် အပြီးသတ်ခဲ့ပါကြောင်း၊ ဒေသတွင်းဒီဂျစ်တယ်စီးပွားရေးကို အထောက်အကူပြုမည့် အာဆီယံဒီဂျစ်တယ်စီးပွားရေးမူဘောင် (Digital Economy Framework Agreement-DEFA)ကို အပြီးသတ်နိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည် အရည်အသွေးမီ စိုက်ပျိုးရေးထုတ်ကုန်များကို တင်ပို့နိုင်သည့် အလားအလာရှိပြီး စင်ကာပူ၏လိုလားချက်နှင့်ကိုက်ညီရုံသာမက ကမ္ဘာအနှံဈေးကွက် များသို့လည်းတိုးချဲ့နိုင်ပါကြောင်း၊ နှစ်နိုင်ငံလုံးသည် ဆန်ကုန်သွယ်မှုသဘောတူညီချက်ကို အပြီးသတ်ဆွေးနွေးခဲ့ပါကြောင်း ဝန်ကြီး Ms. Suphajee Suthumpun က ပြောကြားခဲ့ပါသည်။

DEFA နှင့်စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းမှုတွင် ထိုင်းနိုင်ငံသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ DEFA သည် အာဆီယံအတွင်း ဒီဂျစ်တယ်ချိတ်ဆက်မှုကို ဖန်တီးပေးနိုင်ပြီး နယ်စပ်ဖြတ်ကျော်နှင့် စာရွက်စာတမ်းမဲ့ကုန်သွယ်မှုကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ရာ ယခုနှစ်အတွင်း အာဆီယံ၏ အဓိကစီးပွားရေးအစီအစဉ်များဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံနှင့်အာဆီယံ၏ ကုန်သွယ်မှုယှဉ်ပြိုင်နိုင်မှုနှင့် ဒီဂျစ်တယ်ကုန်သွယ်မှုကို ဆွဲဆောင်ရန် စီးပွားရေးလုပ်ငန်းကဏ္ဍအတွက် ကိရိယာတစ်ခုဖြစ်စေရန်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနှင့်စင်ကာပူတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၇.၇ ဘီလီယံရှိခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ၏ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀.၃၆ ဘီလီယံနှင့်သွင်ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇.၄၀ ဘီလီယံဖြစ်ရာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၉၇ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇.၂၁ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄.၉၂ ဘီလီယံဖြစ်ရာ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂.၁၄ ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။ 

Source:https://www.bangkokpost.com/thailand/general/3125506/minister-talks-rice-deal-with-singapore?tbref=hp

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand