India (Delhi)

အိန္ဒိယဗဟိုဘဏ် (RBI)၏ရွှေဝယ်ယူမှုသည် 2023 ခုနှစ် တစ်နှစ်လုံးထက် ၂၀၂၄ ဇန်နဝါရီမှ ဧပြီလအတွင်းတွင် 1.5 ဆ မြင့်တက်

Last Updated:

အိန္ဒိယဗဟိုဘဏ်(Reserve Bank of India)သည် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် မတည်မငြိမ်ဖြစ်မှုမှ စီးပွားရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများကိုကာကွယ်ရန်အတွက် ယခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ လေးလအတွင်း အရန်ရွှေဝယ်ယူစုဆောင်းမှုအနေဖြင့် တန်ချိန်၂၄ တန်အထိရှိခဲ့ကြောင်း၊ ယင်းသည်စိန်ခေါ်မှုအချိန်ကာလများအတွင်း အရန်မဟာဗျူဟာမြောက်ကွဲပြားခြားနားမှု၏ အစိတ်အပိုင်းတစ်ခုဟု ယူဆနိုင်ကြောင်း The Economic Times တွင်ဖော်ပြထားပါသည်။

အိန္ဒိယဗဟိုဘဏ်၏အချက်အလက်များအရ ၂၀၂၃ ခုနှစ်တစ်နှစ်လုံးတွင် ‌ရွှေအရန်တန်ချိန် 16 တန်သာဝယ်ယူစုဆောင်းခဲ့သဖြင့် ယခုလေးလအတွင်း စုဆောင်းမှုသည် ယခင်နှစ်ထက် ၁.၅ ဆ ပိုများကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့အထိ နိုင်ငံခြားအရန်ငွေ၏တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေစုဆောင်းထားရှိမှုမှာ 827.69 တန်ရှိကြောင်း သိရှိရသည်။ 

အိန္ဒိယပြည်သူများ၏ရွှေဝယ်ယူစုဆောင်းမှုများကြောင့် ကမ္ဘာတွင် ရွှေကိုအများဆုံးသုံးစွဲသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏ဗဟိုဘဏ်သည် ရွှေအရန်စုဆောင်းမှုတွင် တက်ကြွစွာဆောင်ရွက်မှုအားနည်းခဲ့ကြောင်း၊ နိုင်ငံခြားငွေအကျပ်အတည်းနှင့်ရင်ဆိုင်ရစဉ် ၁၉၉၁ ခုနှစ်တွင် ၎င်း၏ရွှေအရန်စုဆောင်းမှုကို စတင်ဆောင်ရွက်ချိန်၌  ပြင်းထန်သောဝေဖန်မှုများထွက်ပေါ်လာခဲ့ကြောင်း၊ရွှေများကို ဗဟိုဘဏ်၏ဘဏ္ဍာတိုက်တွင် ပြန်လည်ထိန်းသိမ်းထားရှိသော်လည်း 2017 ခုနှစ်၊ ဒီဇင်ဘာလမှသာ စျေးကွက်ဝယ်ယူမှုများမှ စတင်စုဆောင်းခဲ့ပါကြောင်း၊ အိန္ဒိယသည် 2022 ခုနှစ်တွင် စျေးကွက်များမှ ရွှေမြောက်များစွာဝယ်ယူခြင်းကို မြင်တွေ့ခဲ့ရသော်လည်း 2023 ခုနှစ်တွင် ဝယ်ယူမှုနည်းပါးခဲ့ကြောင်းနှင့်၂၀၂၄ ခုနှစ် ဇန်နဝါရီလမှသာ ပြန်လည်၍ အမြောက်အများဝယ်ယူသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယ၏ စုစုပေါင်းနိုင်ငံခြားအရန်ငွေတွင် ရွှေစုဆောင်းထားရှိမှုပါဝင်မှုသည် 2023 ခုနှစ် ဒီဇင်ဘာလကုန်တွင် 7.75 ရာခိုင်နှုန်းမှ 2024 ဧပြီလကုန်တွင် 8.7 ရာခိုင်နှုန်းခန့်အထိ တိုးလာခဲ့ကြောင်း၊ထိုသို့ပမာဏအားဖြင့် မြင့်တက်လာခြင်းအပြင် ရွှေဈေးနှုန်းများတဖြည်းဖြည်းမြင့်တက်လာသောကြောင့် ဗဟိုဘဏ်သည် တန်ဖိုးမြင့်တက်မှုကိုလည်း ရရှိနေကြောင်း ဖော်ပြထားသည်။

အိန္ဒိယဗဟိုဘဏ်သည် အခြားသောထွန်းသစ်စစျေးကွက်နိုင်ငံများ၏ ဗဟိုဘဏ်များကဲ့သို့ပင် ငွေကြေးမတည်မငြိမ်ဖြစ်မှုကို အကာအကွယ်ဖြစ်စေရန် ၎င်း၏အရန်ငွေများကို အမျိုးအစားခွဲဝေထားရှိကြောင်း၊ ကမ္ဘာ့ရေးရာမသေချာမရေရာမှုများမြင့်မားလာမှုကြောင့် နိုင်ငံအများစုတွင် ရွှေဝယ်ယူစုဆောင်းမှုကို တွန်းအားပေးနေကြောင်းနှင့် နိုင်ငံများရှိဘဏ်များသည် 2024 ခုနှစ် ပထမသုံးလပတ်တွင် တန်ချိန် 290 ဝယ်ယူထားသဖြင့် ကမ္ဘာ့ရွှေဝယ်လိုအား၏လေးပုံတစ်ပုံခန့်ရှိသည်ဟု ဗဟိုဘဏ်၏ စီးပွားရေးပညာရှင်များက ၎င်းတို့ထုတ်ဝေသည့်လစဉ်စာစောင်၏ စီးပွားရေးဆိုင်ရာအကဲဖြတ်ချက်တွင်  ပြောကြားထားကြောင်း သိရသည်။

ရှေးအစဉ်အလာအတိုင်း ရွှေကိုပိုင်ဆိုင်မှုအဖြစ် စုဆောင်းခြင်းသည် တန်ဖိုးများကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ဗဟိုဘဏ်များက အကျပ်အတည်းကိုတုံ့ပြန်ရာ၌ ရွှေ၏တန်ဖိုးကို အလေးပေးခဲ့သည်ဟု ကမ္ဘာ့ရွှေကောင်စီမှအကြီးတန်းလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုထားကြောင်းနှင့် 2024 ခုနှစ်၊ နှစ်ဦးပိုင်းတွင် ကမ္ဘာ့လုံးဆိုင်ရာမသေချာမှုများလျော့နည်းသွားခြင်းမရှိသည်ကို တွေ့မြင့်နေရသောကြောင့် ရွှေဝယ်ယူစုဆောင်းမှုများ ပိုမိုကြာရှည်စွာဆောင်ရွက်လာနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။   

Source: RBI buys 1.5 times more gold in January-April than whole of 2023, The Economic Times, 23 May 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)