၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စည်းမျဉ်းသစ်အရ ယူအေအီးနိုင်ငံမှခရီးသည်များသည် ရှန်ဂန်ဗီဇာနိုင်ငံများသို့ပျံသန်းသည့်လေကြောင်းခရီးစဉ်များတွင် ၎င်းတို့၏ လက်ဆွဲအိတ်ဖြင့် သယ်ဆောင်နိုင်သည့်အရည်ပမာဏကို ကန့်သတ်သွားမည်ဖြစ်ပါသည်။
အချို့သောဥရောပသမဂ္ဂနိုင်ငံများရှိလေဆိပ်များတွင် လေယာဉ်တွင်းသယ်ဆောင်မည့် အိတ်များအတွက် ပေါက်ကွဲစေတတ်သည့်အရာများကိုထောက်လှမ်းသည့်စနစ်(EDSCB)နှင့် နည်းပညာဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန်အတွက် ပုလင်း/ဗူးတစ်ခုလျှင် အများဆုံးခွင့်ပြုနိုင်သည့် အရည်ကို ၁၀၀ ml သို့ လျှော့ချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤစည်းမျဉ်းသည် လုံခြုံရေးခြိမ်းခြောက်မှုအသစ်များကို တုံ့ပြန်ခြင်းမဟုတ်ဘဲ ကြိုတင်ကာကွယ်သည့်အဆင့်သာဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ လေဆိပ်အများစုသည် လက်ဆွဲသယ်ဆောင်သွားသည့်အိတ်အတွင်းမှ အရည်များကို ၁၀၀ ml ကန့်သတ်ချက်ဖြင့် ပြဌာန်းထားပြီးဖြစ်သော်လည်း ဤကန့်သတ် ချက်ကို ယခုအခါတွင် ဥရောပသမဂ္ဂနိုင်ငံများရှိ လေဆိပ်များတွင် EDSCB စက်ကိရိယာများဖြင့် တူညီစွာကျင့်သုံးသွားမည်ဖြစ်ပြီး ပုလင်း/ဗူးတစ်ခုလျှင် စံချိန်စံညွှန်း ၁၀၀ ml အများဆုံးသယ်ဆောင်နိုင်မည့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။ခရီးသည်တစ်ဦးစီ၏ သယ်ဆောင်နိုင်သည့် စုစုပေါင်းအရည်ပမာဏမှာ ၂ လီတာဖြစ်သည်။
အဆိုပါပြောင်းလဲမှုကို ဖင်လန်နိုင်ငံ၏လေကြောင်းလိုင်း Finnair မှ စည်းမျဉ်းအသစ်ကို အတည်ပြုထားပြီးဖြစ်ကာ Helsinki လေဆိပ်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများရှိလေဆိပ်များမှ ခရီးသွားများအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်သော်လည်း ဤပြောင်းလဲမှုကြောင့် Helsinki လေဆိပ်ရှိ ခရီးစဉ်လွှဲပြောင်းသွားလာမည့်ခရီးသည်များ(Transfer passengers) အပေါ် သက်ရောက် လိမ့်မည်မဟုတ်ကြောင်း ပါရှိပါသည်။
ဥရောပကော်မရှင်သည် အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပမြို့ပြလေကြောင်းညီလာခံနှင့် လုံခြုံစိတ်ချရသော လေကြောင်းခရီးသွားလာမှုကိုသေချာစေရန်အတွက် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ရှာဖွေခြင်းများကို အလျင်အမြန်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ခရီးသည်များအတွက် အနှောင့်အယှက်များကို နည်းပါးစေပြီး အမြင့်ဆုံးလုံခြုံရေးစံနှုန်းထားများကို ထိန်းသိမ်းသွားမည့် ဥရောပသမဂ္ဂနိုင်ငံများရှိ အာဏာပိုင်များ၏ကတိကဝတ်ကို အလေးပေးဖော်ပြခြင်းဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source: Khaleej Times
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)