ယူအေအီးနိုင်ငံသမ္မတ Sheikh Mohamed bin Zayed Al Nahyan သည် အဘူဒါဘီမြို့တော်၌ ပါရာဂွေးနိုင်ငံသမ္မတ Santiago Peña နှင့်တွေ့ဆုံခဲ့ပြီး စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများတွင် ပိုမိုနက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများကိုရှာဖွေခဲ့ကြပြီး ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် မျှဝေထားသောရည်မှန်းချက်ကို အားဖြည့်ပေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံမှုကို သမ္မတ Peña ၏တရားဝင်ခရီးစဉ်တစ်စိတ်တစ်ဒေသအဖြစ် Qasr Al Shati နန်းတော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စားနပ်ရိက္ခာဖူလုံရေးနှင့်ရာသီဥတုဆိုင်ရာဆောင်ရွက်မှုများအပါအဝင် အဓိကနယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန်အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များမှ အပြန် အလှန်အကျိုးရှိစေမည့်နည်းလမ်းများဖြင့် ဆက်ဆံရေးကိုမြှင့်တင်စေနိုင်မည့် ၎င်းတို့၏ကတိကဝတ်အပေါ် ထပ်မံအတည်ပြုခဲ့ကြပါသည်။
Sheikh Mohamed က ယူအေအီးနိုင်ငံသည် အထူးသဖြင့် ပါရာဂွေးကဲ့သို့သော လက်တင်အမေရိကနိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်များအား မတူကွဲပြားစေရန် ဆက်လက်တွန်းအားပေးနေမှုအပေါ် မီးမောင်းထိုးဖော်ပြခဲ့ပါသည်။ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုရရှိရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အရေးကြီးကြောင်းကိုလည်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။
ခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်းဒေသပေါ်အထူးအာရုံစိုက်ကာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ပံ့ပိုးကူညီရန်အရေး တကြီးလိုအပ်လျက်ရှိကြောင်း ၎င်းတို့က အလေးပေးပြောကြားခဲ့ကြပါသည်။
သမ္မတ Peña က ယူအေအီးနိုင်ငံ၏နွေးထွေးသောကြိုဆိုမှုကို ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပြီး နိုင်ငံ၏ရှေ့ပြေးမဟာဗျူဟာမြောက် မျှော်မှန်းချက်ကိုသတိပြုမိကာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေါင်းဆောင်မှုအပေါ် ချီးကျူးဖော်ပြခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ယူအေအီးနိုင်ငံမှအကြီးတန်းအရာရှိများနှင့် သမ္မတ Peña ၏ ကိုယ်စားလှယ်အဖွဲ့ဝင်များတို့တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံသံတမန်ရေးနှင့် စီးပွားရေးဆက်ဆံမှုခိုင်မာရေးဆိုင်ရာ အရေးပါမှုကို ထင်ဟပ်စေခဲ့ကြောင်း သတင်းဖော်ပြထားပါ သည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)