တရုတ်အစိုးရပိုင် မော်တော်ယာဉ်ထုတ်လုပ်သည့် Chery Automobile ၏ လက်ခွဲဖြစ်သော Omoda&Jaecoo က ထိုင်းသုံးစွဲသူများအကြား လျှပ်စစ်မော်တော်ယာဉ်ဝယ်လိုအား မြင့်တက်လာသောကြောင့် ၂၀၂၆ ခုနှစ်အတွင်း ဘက်ထရီလျှပ်စစ်မော်တော်ယာဉ် အစီးရေ ၂၈,၀၀၀ မှ ၃၀,၀၀၀ စီး ထုတ်လုပ်သွားမည့်အစီအစဉ်ကို ထုတ်ပြန်ခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Omoda & Jaecoo ramps up Thai EV production” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကို ပြည်တွင်း၌သာရောင်းချမည်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို ဩစတြေး လျ၊ ဥရောပ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့သို့ တင်ပို့သွားမည် ဖြစ်ကြောင်း၊ ရယောင်းရှိ စက်ရုံမှ Jaecoo5 EV၊ Omoda4 နှင့် Chery Q4 EV အမျိုးအစားများကို လာမည့်နှစ်တွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအစိုးရ၏ မူဝါဒနှင့်ကိုက်ညီစေရေး EV တွင် ပြည်တွင်းထုတ်ပစ္စည်း ၄၀ ရာခိုင်နှုန်းကျော်ပါဝင်ရန် ရယောင်းစက်ရုံအတွက် လိုအပ်သည့်အစိတ်အပိုင်းများကို ထောက်ပံ့ပေးနိုင်မည့် ထိုင်းနိုင်ငံထုတ်လုပ်သူကို ရှာဖွေလျက်ရှိကြောင်း၊ Omoda & Jaecoo သည် စက်ရုံတည်ဆောက်ရန် ဘတ် ၅ ဘီလီယံသုံးစွဲထားပြီး ၂၀၂၅ ခုနှစ် နောက်ဆုံး ၃ လပတ်တွင် စတင်လည်ပတ်ရန် သတ်မှတ်ထားပါကြောင်း၊ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း အစီးရေ ၈၀,၀၀၀ ထုတ်လုပ်သွားရန်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ Mr. Cedric Cui က ပြောကြားခဲ့သည်။
မလေးရှားသည် ပလပ်ပေါက်ထိုးနှစ်မျိုးသုံးယာဉ်နှင့် အင်ဒိုနီးရှားသည် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်အမျိုးအစားအများအတွက် အချက်အချာဖြစ်သကဲ့သို့ ထိုင်းနိုင်ငံသည် ဘက်ထရီလျှပ်စစ် မော်တော်ယာဉ်အတွက် အချက်အချာဖြစ်ပါကြောင်း၊ ပြည်တွင်းရောင်းအားသည် အရှိန်ရလာလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလအတွင်း Omoda & Jaecoo သည် မော်တော် ယာဉ်အစီးရေ ၁၂,၀၀၀ စီးရောင်းချနိုင်ခဲ့သောကြောင့် မူလလျာထားချက်အစီးရေ ၇,၀၀၀ မှ ၈,၀၀၀ စီးထက် ကျော်လွန်ခဲ့ပါကြောင်း၊ Omoda&Jaecoo သည် ၂၀၂၆ ခုနှစ်တွင် အစီးရေ ၂၆,၀၀၀ စီးရောင်းချရန် ခန့်မှန်းထားပါကြောင်း၊ ၂၀၂၅ ခုနှစ် တတိယ ၃ လပတ်တွင် မော်တော်ယာဉ်အရောင်းပြခန်းနှင့် ဝန်ဆောင်မှုပေးသည့်ပြခန်းများကို ၆၀ ခန်းမှ နှစ်ကုန်ပိုင်းတွင် ၉၀ ခန်းထိ တိုးမြှင့်ဖွင့်လှစ်ရန်လျာထားပါကြောင်း၊ ထိုင်းနိုင်ငံ၏ EV မူဝါဒနှင့်ချိန်ညှိ၍ ပို့ကုန်ဈေးကွက်များအတွက် အစီးရေ တိုးမြှင့်ထုတ်လုပ်နိုင်ရေးလေ့လာဆန်းစစ်မှုဆောင်ရွက်လျက်ရှိပါကြောင်း Chery ၏နိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Mr.Bill Zhang က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနိုင်ငံအဆင့် EV မူဝါကော်မတီက အခွန်ဖြတ်တောက်ပေးခြင်းနှင့် ထုတ်လုပ်သူများကို ထောက်ပံ့မှုများပေးခြင်းဖြင့် မက်လုံးပေးအစီအစဉ် EV 3.0 နှင့် EV 3.5 တို့အောက်မှ လိုအပ်ချက်များကို ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်မှစ၍ အစီအစဉ်စတင်ခဲ့ပြီး အစီအစဉ်တွင်ပါဝင်သူများက သွင်းကုန်နှင့်ခုနှိမ်ရန် BEV ကို ပြည်တွင်း၌ ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ ပြည်တွင်းဝယ်လိုအားကျဆင်းမှုသည် မော်တော်ယာဉ်ထုတ်လုပ်သူများအတွက် အခက်အခဲဖြစ်စေခဲ့ပါကြောင်း၊ ယခုအခါ ကော်မတီက BEV မော်တော်ယာဉ်ထုတ်လုပ်သူများသည် ပို့ကုန်အတွက်ဖြစ်ပါက ထုတ်လုပ်မှုခွဲတမ်းကိုလျှော့ချပေးခဲ့ရာ Omoda&Jaecooကဲ့သို့သော ထုတ်လုပ်သူများအတွက် လုပ်သာကိုင်သာရှိစေကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)