အမေရိကန်သမ္မတထရမ့်က “ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးအပေးအယူ(Trade Deal) သဘောတူညီမှုရရှိရန် (၅၀)ရာခိုင်နှုန်းသာအခွင့်အရေးရှိကြောင်း၊ ယင်းရာခိုင်နှုန်းထက်လည်းနည်းနိုင်သည်”ဟု စကော့တလန်နိုင်ငံသို့ခရီးစဉ်မထွက်ခွာမီပြောကြားခဲ့ကြောင်း Politico အွန်လိုင်းသတင်း၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။
အမေရိကန်နိုင်ငံက နိုင်ငံ(၂၇)နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂမှ သွင်းကုန်အားလုံးအပေါ် သွင်းကုန်ခွန်(၃၀)ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစ၍ကောက်ခံမည်ဖြစ်ကြောင်းချမှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့်ဥရောပသမဂ္ဂတို့သည် ယခင်ရက်သတ္တ ပတ်များတွင် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြကြောင်း၊ သမ္မတထရမ့်က အမေရိကန်-ဥရောပကုန်သွယ်ရေး အပေးအယူသဘောတူညီမှုသည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်ပို့ကုန်များအတွက် ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကို လျှော့ချလိုသည့်ဆန္ဒအပေါ်မူတည်နိုင်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံက ဥရောပသမဂ္ဂသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာဘီလီယံ(၃၇၀)တင်ပို့ခဲ့ပြီး အကယ်၍ အမေရိကန်နိုင်ငံနှင့်ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်မရရှိပါက အမေရိကန်နိုင်ငံ၏ဝန်ဆောင်မှုပို့ကုန်များအပါအဝင် ပို့ကုန်တန်ဖိုးပမာဏအများအပြားကို ထိခိုက်နိုင်ကြောင်း၊ သို့ရာတွင် သမ္မတထရမ့်က ၎င်းအနေဖြင့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးအပေးအယူသဘောတူညီမှုရရှိနိုင်သည်ဟုယူဆကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။