Korea

Silicon Valley Bank ယိမ်းယိုင်ပြိုလဲမှုကြောင့် တောင်ကိုရီးယားနိုင်ငံအပေါ်သက်ရောက်မှုအခြေအနေများ

Last Updated:

နိဒါန်း

အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းဘဏ်များတွင် ၁၆ ခုမြောက်ဘဏ်ဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Clara အခြေစိုက် Silicon Valley Bank (SVB) သည် ဘဏ်လုပ်ငန်းလည်ပတ်မှုနှင့် အရင်းအနှီးအကျပ်အတည်းကြောင့် ယိမ်းယိုင်ပြိုလဲမှု ဖြစ်ပေါ်ခဲ့သည့်အတွက် အခြားသောကမ္ဘာ့နိုင်ငံများနည်းတူ တောင်ကိုရီးယားနိုင်ငံတွင်လည်း စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိပါသည်။

လက်ရှိဖြစ်ပေါ်နေသောအခြေအနေများ

တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဈေးကွက်သည် ထင်ထားသည်ထက်ကြံ့ကြံ့ခံရပ်တည် နေနိုင်ဆဲဖြစ်ပါသည်။ ယင်းသို့ ကြံ့ကြံ့ခံနိုင်ခြင်းမှာ- (၁) SVB ပြိုလဲမှုကို ထိန်းသိမ်းနိုင်ရန် အမေရိ ကန်အစိုးရက “ငွေအပ်နှံထားသော အမေရိကန်လူမျိုးနှင့်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့လိုအပ်ချိန်တွင် ငွေထုတ်ယူရရှိစေမည်” ဆိုသည့်ကတိကဝတ်ကြောင့် ကိုရီးယားငွေကြေး ဈေးကွက်အတွင်း ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှု ဆက်လက်ရှိနေခြင်းနှင့် (၂) အမေရိကန်ဗဟို ဘဏ်အနေဖြင့် “SVB ပြိုလဲခြင်းကြောင့် နောက်ထပ်ဘဏ်စနစ်တစ်ခုလုံး မပျက်စီးစေရေးအတွက် ယင်း၏ချေးငွေတင်းကြပ်ထားမှုကို ပြန်လည်စဉ်းစားလာလိမ့်မည်ဟု ရင်းနှီး မြှုပ်နှံသူများက ထင်မြင်နေခြင်း” တို့ကြောင့်ဖြစ်သည်ဟု သုတေသီများက ဆိုကြပါသည်။

အမေရိကန်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် အတိုးနှုန်းများမြှင့် တင်၍ ငွေကြေးမူဝါဒတင်းကြပ်နေခြင်းသည် ငွေကြေးအရင်းအနှီးရရှိရန် ကြိုးစားရုန်းကန်နေရသည့် အစပျိုးစီးပွားရေး လုပ်ငန်းများကိုသာ အထူးဦးစားပေးငွေထုတ်ချေးပေးနေသော  SVB အား ငွေကြေးအင်အားမလုံလောက်စေသည့် နောက်ကွယ်ကအကြောင်းရင်းဖြစ်သည့်အတွက် အမေရိ ကန်ဗဟိုဘဏ်၏အတိုးနှုန်းအား ပြန်လည်ချိန်ညှိမည့် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားကြောင်းသိရပါသည်။

တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်ကလည်း ယင်း၏အခြေခံအတိုးနှုန်းဖြစ်သည့် ၃.၅ ရာခိုင်နှုန်းတွင်သာ ဆက်လက်ထားရှိမည်ဟု ယုံကြည်ထားကြကြောင်း၊  အမေရိကန်ပြည်ထောင်စု၏ အတိုးနှုန်းမှာ ၄.၅၀ မှ ၄.၇၅ ရာခိုင်နှုန်းအထိရှိကြောင်း၊ ယင်းသို့အတိုးနှုန်းကွာဟမှုကြောင့် မကြာသေးခင်က ငွေကြေးအရင်းအနှီးအချို့ တောင်ကိုရီးယားနိုင်ငံမှ ပြန်ထွက်သွားခဲ့သည်ဟု သတ်မှတ်ကြပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံအကြား အတိုးနှုန်းပိုမိုကွာဟလာနိုင်သည့်အတွက် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဆိုင်ရာမူဝါဒသည် တောင်ကိုရီးယား၏  ငွေကြေးဈေးကွက်ကို ဖိအားဖြစ်စေကြောင်း The Korea Times သတင်းစာ တွင်ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံအပေါ်နောက်ဆက်တွဲအကျိုးသက်ရောက်မှုများ

တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဈေးကွက်သည် ထင်ထားသည်ထက် ကြံ့ကြံ့ခံရပ်တည် နိုင်သော်လည်း တောင်ကိုရီးယားအစိုးရပိုင် အမျိုးသားအဆင့်ပင်စင်ဝန်ဆောင်မှုလုပ်ငန်း (The National Pension Service- NPS) သည် SVB တွင် ရှယ်ယာစုစုပေါင်း ၁၀၀,၀၀၀ ကျော် ရှိနေပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းစာရင်းအရ ရှယ်ယာတန်ဖိုးမှာ အမေရိကန်ဒေါ်လာစုစုပေါင်း ၂၃ သန်းကျော် (သို့မဟုတ်) ကိုရီးယားဝမ်‌ငွေ ၃၀ ဘီလီယံဝန်းကျင်ခန့် ရှိနေသည်ဟုသိရသည်။ လက်ရှိတွင် NPS ၏ ရှယ်ယာစုစုပေါင်း မည်မျှရှိသည်ကို မသိရသည့်အပြင် ယင်းဘဏ်အနေဖြင့် ရင်းနှီးမြှုပ်နှံ ထားရှိမှုများ ပြန်လည်ရရှိနိုင်ခြင်းရှိ၊ မရှိအပေါ် ဆိုးလ်မြို့ပြည်သူများက စိုးရိမ်မှု ရှိနေကြပါသည်။ NPS အနေဖြင့် ယခုကဲ့သို့ SVB တွင် ရှယ်ယာပမာဏ အမြောက်အများဝယ်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် အမှားကြီးတစ်ခုဖြစ်သည့်အတွက်  အဆိုပါရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံ ကိုဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ယခု SVB ကိစ္စကြောင့်သာမက NPS သည် ယခင်နှစ်ကလည်း ရင်းနှီးမြုပ်နှံမှုများ မှတ်တမ်း တင်ဆုံးရှုံးခဲ့ကြောင်းနှင့် နိုင်ငံအတွင်း အသက်ကြီးသည့်လူဦးရေ အလျင်အမြန်မြင့်မားလာသည့် အတွက် ကိုရီးယားဝမ် (၉၀၀) ထရီလီယံနီးပါးရှိသည့် ပင်စင်ရန်ပုံငွေများ အလျင်အမြန်ကျဆင်းလျက်ရှိပြီး ၂၀၅၅ ခုနှစ်အကုန်တွင်  အားလုံးသုံးပြီးဖြစ်မည်ဟုလည်း ခန့်မှန်းထားကြပါသည်။

ပြည်တွင်း လက်ရှိစတော့ရှယ်ယာဈေးကွက်နှင့် ငွေလဲနှုန်းအခြေအနေ

တောင်ကိုရီးယားနိုင်ငံ၏ စတော့အိတ်ချိန်းဈေးကွက်စာရင်းဝင်ရှယ်ယာများ၏ စွမ်းဆောင်ရည်ကို ခြေရာခံထားသော နိုင်ငံ၏အဓိကစတော့ဈေးကွက်ညွှန်းကိန်း (Korea Stock Price Index- KOSPI) သည် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ၂၃၄၈.၉၇ ပွိုင့်အထိ ကျဆင်းခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စုရှိ ဘဏ်အုပ်စုတစ်စုက အခက်အခဲတွေ့နေရသောဘဏ်ကို ကူညီသွားမည်ဆိုသောသတင်းကြောင့် မတ်လ (၁၇) ရက်နေ့ ဈေးကွက်အဖွင့်တွင် KOSPI ညွှန်း ကိန်းသည် ၂၄၀၂.၉၀ ပွိုင့်အထိ ရောက်ရှိမြင့်မားလာပြီးနောက် ၂၃၉၄.၂၇ ပွိုင့်ဖြင့် ဈေးကွက်ပိတ်ခဲ့ပါသည်။

အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းနေသဖြင့် ကိုရီးယားဝမ်တန်ဖိုး မြင့်မားလာပါသည်။ ၂၀၂၃  ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ကိုရီးယားဝမ်နှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း တွင် ဝမ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁၃၂၅.၃  ဝမ်အထိ ရှိနေခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ဝမ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁၃၀၈.၈၇ ဝမ်အထိ တန်ဖိုးမြင့်လာခဲ့ပါသည်။

အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများ

သမ္မတယွန်းဆုခ်ယော်ကလည်း  SVB ပြိုလဲမှုကြောင့် ကိုရီးယားငွေကြေးဈေးကွက်အပေါ် သက်ရောက်လာနိုင်သည့် ဆိုးကျိုးများကို နှံ့နှံ့စပ်စပ်စစ်ဆေးထားရန် ၎င်း၏ရုံးဝန်ထမ်းများကို မှာကြားထားပါသည်။ တောင်ကိုရီးယား ၏ဗဟိုဘဏ်အနေဖြင့်လည်း စံသတ်မှတ်အတိုးနူန်း၊ စတော့ရှယ်ယာတန်ဖိုးများနှင့် ငွေလဲနှုန်းတို့ကိုသာမက ငွေကြေးအရင်းအနှီး စသည်တို့ကိုပါ စောင့်ကြည့်၍ ဈေးကွက်တည်ငြိမ်စေရေး စီမံဆောင်ရွက်မှုများ ချမှတ်သွားမည် ဟု SVB အရေးအခင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်သည့်အဝေးတွင် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Mr. Choo Kyung-ho ကပြောကြားခဲ့ပါသည်။  

တောင်ကိုရီးယားပြည်တွင်း ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုနှင့်လိုငွေပြမှုပုံစံသည် အမေရိကန်ပြည်ထောင်စု၏  SVB နှင့် မတူကွဲပြားသည့်အပြင် တောင်ကိုရီးယားဘဏ်အားလုံး၏ ငွေကြေးလုံလောက်မှုအချိုးသည် (၁၀၀) ရာခိုင်နှုန်းကျော်သည့်အတွက် ရုတ်တရက် အခြေအနေဆိုးတစ်ခုခု ကြုံရလျှင်လည်း ခံနိုင်ရည်လုံလုံလောက်လောက်ရှိပါကြောင်း၊ SVB နှင့် ထိတွေ့မှုရှိပြီး SVB ကြောင့် တိုက်ရိုက်ထိခိုက်နိုင်သည့် ဘဏ္ဍာရေးအဖွဲ့အစည်း အနည်းငယ်သာရှိကြောင်း၊ ဥပမာ အားဖြင့် ပင်စင်ရန်ပုံငွေအဖွဲ့ (၄) ဖွဲ့၊ ကိုရီးယားရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကိုရီးယားစာတိုက်တို့ကသာလျှင် ထိတွေ့မှုရှိကြောင်း၊ ၎င်းတို့သည်လည်း အမှန်တကယ်အားဖြင့် အရွယ်အစား သိပ်မကြီးမားလှကြောင်း၊  အစိုးရအနေဖြင့် SVB ကြောင့်ဖြစ်လာနိုင်သည့် အကျပ်အတည်းကို ပြည့်ပြည့်ဝဝတုံ့ပြန်သွားပြီး ပြည်တွင်းငွေကြေးဈေးကွက် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အစွမ်းကုန်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Mr. Choo Kyung-ho က အာမခံထားပါသည်။

အစိုးရကဆောင်ရွက်မည့်နည်းလမ်းများ

ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန် အောက်ပါအချက်များကို ဆောင်ရွက်သွားမည်ဟု သိရပါသည်-

  • SVB သတင်းကြောင့် ကိုရီးယားဈေးကွက်မတည်မငြိမ်ဖြစ်နေသည့်အတွက် ဘဏ္ဍာရေး ဆိုင်ရာ အာဏာပိုင်များက ဘဏ်များအနေဖြင့် Large Exposure (LEX) Limits အား ဘဏ်တွင် လက်ဝယ်ထားရှိရမည့် အဓိကရန်ပုံငွေ (Tier 1 Capital) ၏ ၂၅ ရာခိုင်နှုန်း ထက်မကျော်လွန်စေရေးသတ်မှတ်သည့်ကာလကို ၂၀၂၄ ခုနှစ်၊ မတ်လအထိ ထပ်မံ သက်တမ်းတိုးပေးသွားမည်ဟု ၁၃-၃-၂၀၂၃ နေ့တွင် Financial Service Committee–FCS က ကြေညာခဲ့ပါသည်။ ယင်းသို့သက်တမ်းတိုးပေးခြင်းဖြင့် ဘဏ်တစ်ခုအနေဖြင့် ၎င်း၏မိတ်ဘက်အဖွဲ့အစည်း (သို့မဟုတ်) အုပ်စုတစ်စုတွင် ရင်းနှီးမြှုပ်နှံသည့်ပမာဏ (တစ်နည်းအားဖြင့်ဆိုရသော် ရင်းနှီးမြှပ်နှံမှုတစ်ခုပြုရာတွင် ဆုံးရှုံးနိုင်သည့်ပမာဏ) ကိုလေ့လာစောင့်ကြည့်ပြီး ဆုံးရှုံးမှုကိုကန့်သတ်နိုင်မည်ဖြစ်ပါသည်။ သို့မှသာဘဏ်များက သွားရောက်ရင်းနှီးမြှုပ်နှံသည့် တစ်ဖက်ဘဏ်ပြိုလဲသည့်အခါ ဆုံးရှုံးမှုများစွာကြုံရ ခြင်းမှတားဆီးနိုင်မည်ဖြစ်ပါသည်။
  • နိုင်ငံ၏ Short-Term Funding Markets (ဥပမာ- စီးပွားရေးဆိုင်ရာဘဏ်ချေးငွေ များပေးခြင်း၊ ကုန်စည်ဝယ်ယူရာတွင် ကာလတိုချေးငွေပေးသည့်အပြင် ကုန်ဝယ်ပြီး ချက်ချင်းငွေချေလျှင် လျှော့ဈေးအနေဖြင့် (၂) ရာခိုင်နှုန်းပြန်ပေးခြင်း စသည့်ဆောင်ရွက်မှုများ)များသို့ ငွေကြေးထောက်ပံ့ပေးနိုင်ရေး   စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သုံးသပ်တင်ပြချက်

အမေရိကန်ပြည်ထောင်စု၏ ဘဏ်အုပ်စုတစ်စုက အခက်အခဲတွေ့နေရသောဘဏ်ကို ကူညီသွားမည်ဆိုသော သတင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဈေးကွက်သည် မတ်လ (၁၇) ရက်နေ့က ပြန်လည်ကောင်းမွန် လာခဲ့ပါသည်။ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းငွေကြေးဈေးကွက်သည် ထင်ထားသည်ထက် ကြံ့ကြံ့ခံရပ်တည်နေနိုင်ဆဲဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု၏ ငွေကြေးမူဝါဒ၊ အတိုးနှုန်း စသည်တို့အပေါ် မူတည်နေသည်ကို လေ့လာတွေ့ရှိရပါသည်။

နိဂုံး

Santa Clara အခြေစိုက် Silicon Valley Bank (SVB) သည် ဘဏ်လုပ်ငန်းလည်ပတ်မှုနှင့် အရင်းအနှီးအကျပ်အတည်းကြောင့် ယိမ်းယိုင်ပြိုလဲမှုဖြစ်ပေါ်ခဲ့သည့်အတွက် တောင်ကိုရီးယား နိုင်ငံ၏ ငွေကြေးဈေးကွက်အတွင်း စိုးရိမ်မှုများကြောင့် မတည်ငြိမ်မှုများရှိခဲ့သော်လည်း အစိုးရအနေဖြင့် အထူးသတိထားစောင့်ကြည့်နေခြင်း၊ လိုအပ်သည့်စီမံဆောင်ရွက်မှုများအချိန်မီ ပြုလုပ် ရန်စီမံထားရှိခြင်း၊ ၂၀၀၈ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် ကမ္ဘာ့ငွေကြေးအကြပ်အတည်းကာလအတွင်း ဖြေရှင်းခဲ့သည့်အတွေ့အကြုံများစွာရှိခြင်းတို့ကြောင့် တောင်ကိုရီးယားအစိုးရအနေဖြင့် နိုင်ငံ၏ ငွေကြေးဈေးကွက်ထိခိုက်မှုများစွာ ကျရောက်ခြင်းမှ ကာကွယ်နိုင်လိမ့်မည် အခြေအနေတွင်ရှိပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

သတင်းရင်းမြစ်များ : The Korea Times

                              The Korea Herald

                              Pulse News

                              Reuters News

                              Xe.com

Category: Korea