Japan

Suzuki Motor က ပလတ်စတစ်အမှုန်များကို ကောက်ယူနိုင်သည့် စက်အမျိုးအစားကို တီထွင်ခဲ့

Last Updated:

ဂေဟစနစ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် သေးငယ်သောပလတ်စတစ်အမှုန်အမွှားများ (micro-plastics) ကို ကောက်ယူစုဆောင်းနိုင်သည် outboard motor ရေယာဉ်ပဲ့ချိတ် မော်တာတစ်မျိုးကို တီထွင်လိုက်ကြောင်း  ဂျပန်နိုင်ငံမှ မော်တော်ကား ကုမ္ပဏီတစ်ခုဖြစ် သည့် Suzuki Motor က ကြေငြာခဲ့ပါသည်။

Suzuki Motor သည် စွန့်ပစ်ပလပ်စတစ် အမှိုက်များကြာင့် ကြုံတွေ့နေရသည့် ရေထုညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် လွန်ခဲ့သည့် နှစ်များစွာကတည်းက လေ့လာစမ်းသပ်မှုများ ဆောင်ရွက်နေခဲ့ခြင်းဖြစ်ပါသည်။ စက်ပစ္စည်းများ အအေးပေးရန် ရေတန်ချိန်ပေါင်းများစွာကို စုပ်ယူ သည့် မော်တာစက်များကို အခြေခံကာ စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Suzuki Motor  က ပြောကြားခဲ့ပါသည်။

အမှိုက်များကို စစ်ထုတ်နိုင်ရန်အတွက် ရေပြန်ထုတ်သည့် နေရာတွင် အဆိုပါစက်ကို တပ်ဆင်ထားပြီး ရေယာဉ်ပြေးဆွဲလိုက်သည်နှင့် ရေမျက်နှာ ပြင်တဝိုက်ရှိ ပလတ်စတစ်အမှုန် အမွှားများကိုပါ စုပ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ Suzuki ကုမ္ပဏီမှ ဝန်ထမ်းများ သည် အောက်တိုဘာလ ပထမအပတ်အတွင်းက ရှီဇူအိုကာစီရင်စုဒေသရှိ ဟာမာနာရေကန် တွင် အဆိုပါစက်ကို စမ်းသပ်မောင်းနှင်ခဲ့ကြကြောင်းသိရပါသည်။  ပလပ်စတစ်အမှုန်အမွှားများအပြင် ရေညှိ၊ သဲနှင့် အခြားသောအရာများကိုပါ ၎င်းစက်က ကောက်ယူခဲ့ပါကြောင်း၊ ထိုစက်ကို လာမည့် ၂၀၂၁ ခုနှစ် အတွင်း စျေးကွက်တင်ရောင်းချရန် ပြင်ဆင်နေပါကြောင်း Suzuki ကုမ္ပဏီက ပြောကြားခဲ့ပါသည်။

 စက်မှ ဖယ်ထုတ်လိုက်သည့် အမှိုက်သရိုက်များကို  စွန့်ပစ်ရန် လိုအပ်သည်မှအပ ကျန်သည့် စက်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများသည် ပုံမှန် ပဲ့ချိတ် ရေယာဉ်များနှင့် ကွာခြားမှုမရှိကြောင်း၊ ထိုစက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုဆောင်ရွက်နိုင်ရန် မျှော်လင့်ထားကြောင်း ရေလုပ်ငန်းဆိုင်ရာ အကြီးအကဲ Osawa Yasuharu က ဆိုပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan