Japan

Toshiba ကုမ္ပဏီ၏ memory chip ထုတ်လုပ်သည့် ကုမ္ပဏီဟောင်း စတော့စျေးကွက်အတွင်း ဝင်ရောက်ရေး ဆိုင်းငံ့လိုက်ပြီဖြစ်

Last Updated:

ဂျပန်နိုင်ငံရှိ Memory chip ထုတ်လုပ်သည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Kioxia Holdings သည် အဆိုပါလုပ်ငန်း၏ အနေအထား မရေမရာဖြစ်နေ ချိန် စတော့စျေးကွက်အတွင်း ရှယ်ယာရောင်းဝယ်ရေးပြုလုပ်မည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်းသိရပါသည်။ အမေရိကန်နှင့် တရုတ်တို့အကြား  နည်းပညာဆိုင်ရာကုမ္ပဏီများနှင့် ပတ်သက်၍ လွန်ဆွဲမှုများ အရှိန်အဟုန်မြင့် တက်လာနေခြင်းက နောက်ခံအကြောင်းအရင်းတစ်ခု ဖြစ်ကြောင်း သိရပါသည်။

Kioxia Holdings သည် ဂျပန်၏ အီလက်ထရွန်နစ်ကုမ္ပဏီကြီးဖြစ်တဲ့ Toshiba ၏ Memory Chip လုပ်ငန်းကို အဓိကထုတ်လုပ်ဆောင်ရွက် နေသည့်ကုမ္ပဏီ ဖြစ်ပါသည်။ NAND အမျိုးအစား flash memory chip ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများတွင် တစ်ခုပါဝင် သည့် Kioxia Holdings ၏ အမှုဆောင်ဘုတ်အဖွဲ့သည် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ထုတ်လုပ်မှုကို ဆိုင်းငံ့မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်။  

Kioxia Holdings အနေဖြင့် အောက်တိုဘာလ ၆ ရက်နေ့တွင် ဒေါ်လာ ၁၄ ဘီလီယံကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုပမာဏဖြင့် တိုကျိုစတော့ စျေးကွက်တွင်း ဝင်ရောက်ရန် ပြင်ဆင်ခဲ့ပါသည်။ ထိုပမာဏသည် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း အများပြည်သူများ တိုကျိုစတော့ စျေးကွက်တွင် ဝင်ရောက်ကာ ရှယ်ယာအရောင်းအဝယ်ပြုလုပ်နိုင်သည့် တန်ဖိုးအကြီးဆုံးပမာဏဖြစ်ကြောင်းဆိုပါသည်။

သို့သော် Kioxia က အမေရိကန်၏ သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းများကြောင့် ၎င်း၏ အဓိကဖောက်သည်ဖြစ်သည့် Huawei ကုမ္ပဏီထံ semiconductor များ တင်ပို့ရန် မဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။

 အမေရိကန်အစိုးရက စက်တင်ဘာ ၁၅ ရက်နေ့ကစတင်ကာ တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်သည့် Huawei ထံ ကွန်ပြူတာ chip များ ရောင်းချခြင်းများအပေါ်  တင်းကျပ်သည့် ဖိအားပေးမှုများ ရှိခဲ့ပါသည်။ Kioxia ၏ စီမံခန့်ခွဲရေးတာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ဒုတိယလှိုင်းပြန့်ပွားမှုနှင့် ပတ်သက်၍လည်း စိုးရိမ်မိပါကြောင်းပြောကြားခဲ့ပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)  

Category: Japan