China (HongKong)

Travel bubble အစီအစဉ်ကြောင့် ဟောင်ကောင်-စင်ကာပူလေကြောင်းလိုင်း ပြေးဆွဲမှု ခရီးစဉ်ရှာဖွေခြင်းများ ၄၀၀ ရာခိုင်နှုန်း မြင့်တက်လာခြင်း

Last Updated:

ဟောင်ကောင်ဒေသနှင့် စင်ကာပူနိုင်ငံတို့အကြား COVID-19 ဖြစ်ပွားမှုကြောင့် သတ်မှတ်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်မှုများ ဖြေလျှော့ပေးပြီး လွတ်လပ်စွာသွားလာခွင့်များ (Travel Bubble) ကိုသဘောတူညီခဲ့ပြီးနောက် ဟောင်ကောင်မှ စင်ကာပူသို့ ပြေးဆွဲပျံသန်းမည့် လေယာဉ်များကို ဟောင်ကောင်ဒေသ၌နေထိုင်သူများက အင်တာနက်မှ ရှာဖွေမှုများ (၄၀၀) ရာခိုင်နှုန်း ရုတ်တရက်မြင့်တက်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Danny Lee က “ HK-Singapore flight searches jump 400pc over bubble plan’ ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိပါသည်။

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းများ လျော့ကျလာမှုကြောင့်  ဟောင်ကောင်ဒေသနှင့် စင်ကာပူနိုင်ငံတို့အကြားတွင်  Travel Bubble ကိုစတင် ဆောင်ရွက်နိုင်ရန် ၁၅-၁၀-၂၀၂၀ ရက်နေ့က သဘောတူညီခဲ့ကြောင်း၊ ပထမအစီအစဉ်တွင် COVID-19 စမ်းသပ်မှု Negative test result ထွက်ရှိသူများ ခရီးသွားရန်ခွင့်ပြုမှုပါဝင်ကြောင်း၊ ခရီးသွားလာရန် ကန့်သတ်ထားသည့် နယ်မြေများ မပါဝင်ကြောင်း၊  Bubble flight ပေါ်တွင် တစ်ဆင့်ဖြတ်သန်းသွားလာမည့် (transit) ခရီးသည်များ လိုက်ပါခွင့်မရှိကြောင်း၊ သွားလာမည့်မြို့ သို့ရောက်ရှိစဉ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ မလိုအပ်ကြောင်းနှင့် သွားရောက် မည့် ခရီးစဉ်များကိုလည်း ထိန်းချုပ်မှုမရှိကြောင်း၊           အာရှဒေသ၏ ဦးဆောင်လေကြောင်းလိုင်း အချက်အချာကျသည့် ဒေသနှစ်ခုဖြစ်သည့် ဟောင်ကောင်ဒေသနှင့် စင်ကာပူနိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက်အပြန်အလှန် ခရီးသွား လာမှု အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မှာ ကမ္ဘာ့ပထမဆုံးနှစ်ဦးနှစ်ဖက် သဘောတူညီချက်မျိူးဖြစ်ကြောင်း စင်ကာပူပို့‌ဆောင်ရေး အကြီးအကဲက ပြောကြားခဲ့ကြောင်း၊ လေကြောင်းလိုင်းများအား တရားဝင်စတင်ရန် ရပ်ဆိုင်း ထားချိန်တွင် လေယာဉ်များ ပိုမိုပြေးဆွဲနိုင်ရန် လေကြောင်းလိုင်းများက စောင့်မျှော်လျှက်ရှိ ကြောင်းနှင့် ခရီးသည်များ သွားလာမှုကြောင့် ပုံမှန်ခရီးသွားလာမှုများ ပြန်လည်မစတင်ခင် ကြီးမားသည့် အကျိုးအမြတ်များ ရရှိနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

၁၅-၁၀-၂၀၂၀ (ကြာသပတေး) နေ့မှ စတင်၍ Travel Bubble ကို သဘောတူညီခဲ့ပြီး‌‌ နောက် လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ Cathay Pacific လေကြောင်းလိုင်း၏ အသွားအပြန် ချွေတာရေး တန်းလက်မှတ် (economy class) မှာ ဒီဇင်ဘာလက ဟောင်ကောင် ဒေါ်လာ၂,၀၉၇ နှင့် Singapore Airlines ဟောင်ကောင်ဒေါ်လာ ၁,၉၄၇  ရှိခဲ့ရာမှ (၁၆-၁၀-၂၀၂၀) ရက်နေ့တွင် Cathay Pacific လေကြောင်းလိုင်း၏ အသွားအပြန်ချွေတာရေးတန်းလက်မှတ် (economy class) မှာ ဟောင်ကောင်ဒေါ်လာ ၃,၂၉၇ နှင့် Singapore Airlines ဟောင်ကောင် ဒေါ်လာ ၂,၃၉၇ အထိမြင့်တက်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

Singapore Airlines သည် အသွား အပြန် လေကြောင်းလိုင်း (၁၀) ခုအား နိုဝင်ဘာလ ပထမပတ်အတွင်းပြေးဆွဲရန်အတည်ပြုထားပြီးဖြစ်ရာ ဟောင်ကောင်ဒေသနှင့် လေကြောင်းလိုင်း (၃) ခု ထပ်မံပြေးဆွဲရမည်ဖြစ်ကြောင်းနှင့် Travel Bubble ကြောင့် လေကြောင်းလိုင်းများ ပိုမို ပြေးဆွဲရနိုင်ကြောင်း၊ သို့သော်လေကြောင်းလိုင်းများအနေဖြင့် Travel Bubble အတွက် အဓိက စဉ်းစားရမည့် အထူးလေယာဉ်များ စီစဉ်ထားခြင်းမရှိသေးကြောင်း ဖော်ပြပါရှိပါသည်။

စင်ကာပူနိုင်ငံမှာ ဟောင်ကောင်ဒေသမှ ခရီးသွားလာမှု အများဆုံး (၁၀) နိုင်ငံစာရင်းတွင် ပါဝင်ဆဲဖြစ်ကြောင်းနှင့် စင်ကာပူနိုင်ငံသို့ သွားရောက်ရန် လေကြောင်းလိုင်းများ ရှာဖွေမှုမှာ မြင့်တက်လာပြီး (၄၀၀) ရာခိုင်နှုန်းထိ ရှိလာကြောင်း၊ ဟောင်ကောင်-စင်ကာပူ လေကြောင်းလိုင်း ပြေးဆွဲမှုမှာ ၂၀၁၉ ခုနှစ်က ကမ္ဘာ့အဆင့် (၁၇) ရှိ ပြေးဆွဲမှုအများဆုံးလေကြောင်းလိုင်းဖြစ်ပြီး လေကြောင်းလိုင်း ၁၃, ၆၅၄ ပျံသန်းပြေးဆွဲခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင် COVID-19 ကြောင့် ဟောင်ကောင်ဒေသမှ စင်ကာပူနိုင်ငံသို့ ပြေးဆွဲမှုများရုတ်တရက်ထိုးကျသွားကြောင်း၊ ယခုလအတွင်း အသွားအပြန်ခရီးစဉ် (၅၄) ခုအတွက် (၃၄,၀၀၀) နေရာအတွက် လက်မှတ်ရောင်းချထားရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလနှင့် နှိုင်းယှဉ်လျှင် သိသာစွာ လျော့ကျသွားကြောင်း ဖော်ပြပါရှိပါ သည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)