ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း တန်ဖိုးဖြည့်ခွန် (VAT) နှုန်းထားကို ၂ ရာခိုင်နှုန်းလျှော့ချရန် အမျိုးသားလွှတ်တော်သို့ အဆိုပြုခဲ့သည်။ ၎င်းအဆိုပြုချက်သည် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုပြုချက်အရ VAT နှုန်း လျှော့ချခြင်းသည် ကုန်ပစ္စည်းများ နှင့်ဝန်ဆောင်မှုများကို ၁၀ ရာခိုင်နှုန်း အခွန်နှုန်းထားဖြင့် ကောက်ခံနေမှုများ အကျုံးဝင်မည် ဖြစ်ပြီး ထုတ်ကုန်နှင့်ဝန်ဆောင်မှု အုပ်စု (၃)ခု အတွက် ချွင်းချက်များရှိမည်ဖြစ်သည်။ အုပ်စု(၁) တွင် ဆက်သွယ်ရေး၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ ဘဏ်လုပ်ငန်း၊ ငွေချေးစာချုပ်၊ အာမခံ၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုနှင့် ပြုပြင်ဖန်တီးထားသော ထုတ်ကုန်များ၊ သတ္တုတွင်းထွက် ပစ္စည်းများ(ကျောက်မီးသွေးတူးဖော်ခြင်းမှအပ)၊ကုတ်ကျောက်မီးသွေး၊ သန့်စင်ပြီး ရေနံနှင့် ဓာတုဗေဒပစ္စည်းများ၊ အုပ်စု (၂) သည် အထူးစားသုံးမှုအခွန်နှင့် ပတ်သက်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ အုပ်စု (၃)တွင် သတင်းအချက်အလက် နည်းပညာ ဥပဒေများအောက်ရှိ သတင်းအချက်အလက် နည်းပညာတို့ ပါဝင်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါ မူဝါဒကို ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ကျင့်သုံးမည်ဆိုပါက နိုင်ငံတော်ဘတ်ဂျက် ခန့်မှန်းခြေ ဗီယက်နမ်ဒေါင် ၂၅ ထရီလီယံ )အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်) လိုငွေပြမည် ဖြစ်သည်။
၂၀၂၂-၂၀၂၄ ကာလတွင်လည်း အမျိုးသားလွှတ်တော်သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များအတွက် VAT နှုန်းထားကို ၁၀ရာခိုင်နှုန်း အခွန်နှုန်းထားဖြင့် ၂ ရာခိုင်နှုန်း လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါမူဝါဒသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန်နှင့် အမြတ်အစွန်း များ မြင့်တင်ရန်အတွက် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးထားသည်။၎င်းသည် စားသုံးသူများ၏ ဝယ်လိုအားကိုထိရောက်စွာ လှုံ့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွင် VAT အခွန်လျှော့ချမှုကို အကောင်အထည်ဖော်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို မြှင့်တင်နိုင်ခဲ့ပြီး လူသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုစုစုပေါင်း၏ လက်လီရောင်းချမှုမှာ တစ်နှစ်ထက်တစ်နှစ် ၁၉.၈ ရာခိုင်နှုန်းနှင့် ၉.၈ ရာခိုင်နှုန်း အသီးသီး တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)